ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ
ဟိုးတုန်းကတော့ ရန်ကုန်ဟာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။
အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။
ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။
မွန်ဝေါဟာရအရ ကုန်းမြင့်ပေါ်က စေတီ လို့ အဓိပ္ပါယ်ရပါတယ်။
၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍ စတင်ပြောင်းလဲခဲ့ပါတယ်။
အဲဒီနောက် ကုန်းဘောင်ခေတ် ၊ ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး
ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့ အဓိကအကျဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။
ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊ စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
ထိုမြို့တွေရဲ့အမည် ဟာ ဘယ်ကနေ ဖြစ်ပေါ်လာပါသလဲ။
အများစုကတော့ မွန်နာမည် အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။
မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်။
ကမာရွတ် –
မွန်ဘာသာ ဖြစ်ပြီး ကမာဆိုတာ ရေကန် ၊ ရွတ် ဆိုတာ ရတနာ ဖြစ်ပါတယ်။ ရတနာကန် ဆိုတဲ့ အဓိပ္ပါယ်ပေါ့။
အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့နာမည်ပေါ့။
ကျောက်တံတား –
ကုန်းဘောင်ခေတ်ဦးတုန်းက ဆူးလေတစ်ဝိုက်ဟာရေပတ်လည်ဝိုင်းနေတဲ့နေရာပါ။
အဲဒီအနီးအနားမှာ ဘုရားဘက်ကို ကူးသွားနိုင်တဲ့ ကျောက်တံတားကြီးတစ်ခု ရှိခဲ့ဖူးရာကနေ ဒီနာမည် ဖြစ်လာပါသတဲ့။
ကြည့်မြင်တိုင် –
မွန်ဘာသာစကားအရ ကၟာၚ် – နံရံ၊ ဍုၚ် – မြို့၊ မြို့ရိုးရှိသောမြို့ ဟု အဓိပ္ပာယ်ရသည်။
ကြည့်မြင်တိုင် သည် မွန်ဘာသာ အခေါ်အဝေါ်ဖြစ်သည်။ မွန်ဘာသာ ကၟာၚ်ဍုၚ် = မြို့ရိုး/ခံတပ်ဟု အဓိပ္ပာယ် ရသည်။
အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲမှာပင် ကြည့်မြင်တိုင်တိုက်ပွဲသည် ထင်ရှားခဲ့သည်။
အင်္ဂလိပ်နယ်ချဲ့များ အနေနဲ့ ခံတပ်/မြို့ရိုး အစီးအကြပ် ကောင်းလှသောကြောင့် “အထိအရှ အသေအပျောက်” များလှသည်။
ထို့ကြောင့် Come and die ဟု အော်ဟစ်တိုက်ခိုက်သံကို အကြောင်းပြုပြီး Kemmendine ဆိုတဲ့ အင်္ဂလိပ် စာလုံးပေါင်းသည် Come and die မှ ဆင်းသက်လာသည်ဟုပင် ဆိုကြပေသည်။
ပြည်သူ့တရားစီရင်ရေးနှင့် တရားစီရင်သောကာလတွင် မှုခင်း (အတိုင်အတောတွေများလွန်းသောကြောင့်) ကြည့်လို့ မြင်တာနှင့် တိုင်တော့တာပဲဟု ဆိုကြသည်။
တချို့က ကြည့်မြင်တိုင်ကို ရွှေတိုင်မြေဟုလည်း တင်စားခေါ်ဝေါ်ကြသေးသည်။
ကံဘဲ့ –
မွန်ဘာသာအမည် ခပင်း(ခပေင်) ကို မြန်မာဘာသာနဲ့ ခေါ်ရာ ကနေ ကန်ဘဲ့ ဆိုပြီး ဖြစ်လာတာပါ။
အဓိပ္ပါယ်က ကသစ်ပင် ဖြစ်ပါတယ်။
ကုက္ကိုင်း –
မွန်ဘာသာ ကော့ကောင်း က ဆင်းသက်လာတာ ဖြစ်ပါ တယ်။
ကော့ဆိုတာ ကုန်း၊ ကောင်းဆိုတာက မရွေးပင်ကိုခေါ်တာမို့ အစကတော့ မရွေးပင်ကုန်းလို့ ခေါ်တဲ့နေရာပါ။
စမ်းချောင်း –
စတင်တည်ထောင်စအချိန်မှာ တောင်ကုန်းဖြစ်ခဲ့ပြီး အဲဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေ ပါသတဲ့။ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဆင်မလိုက် –
ရှေးအခါက နွံထူတဲ့အရပ်ဖြစ်တာကြောင့် ဆင်တွေဟာ အဲဒီနေရာရောက်ရင် ဆက်မသွား ၊ ဆက်မလိုက်တော့ပဲ ရပ်တန့် သွားတတ်ရာကနေ ဆင်မလိုက် ဆိုပြီး ဖြစ်လာပါသတဲ့။
တာမွေ –
မွန်အမည် တာမွေ ကနေ တိုက်ရိုက် ဆင်းသက်လာပါတယ်။
ထန်းပင်တစ်ပင် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ပုဇွန်တောင် –
မွန်ဘာသာ ပုဇွန်ဒေ ကလာတာပါ။
တောင်ကုန်းငါးခု လို့ အဓိပ္ပါယ်ရပါတယ်။
အဲဒီကုန်းတွေက မလွှကုန်း ၊ မအူကုန်း ၊ သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့ ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။
ဗဟန်း –
ဗဟန်းဆိုတာကလည်း မွန်ဘာသာကနေ ဆင်းသက်လာပြီး အဝါရောင်ရှိတဲ့မြေလို့ အဓိပ္ပါယ်ရပါတယ်။
ရှေးအခါက ကန့်ထွက်တဲ့ အရပ်ဒေသ ဖြစ်ခဲ့ဟန် တူပါတယ်။
ဘောက်ထော် –
မွန်ဘာသာ ပေါက်ထောကနေလာပြီး ရွှေဟင်္သာလို့ အဓိပ္ပါယ်ရပါတယ်။
မင်္ဂလာဒုံ –
မွန်အမည် ဍုံဒရိုင်မငေ ကနေ ဆင်းသက်လာပါတယ်။ အဓိပ္ပါယ်က မင်္ဂလာသမင်မြို့ ဖြစ်ပါတယ်။
အဲဒီကနေ မြန်မာဘာသာ တိုက်ရိုက် ယူသုံးရာကနေ မင်္ဂလာဒုံမြို့ဆိုပြီး ဖြစ်လာပါတယ်။
မြေနီကုန်း –
၁၈၄၁ခုနှစ် သာယာဝတီမင်းလက်ထက် အခုမြို့မကျောင်းနား က ကွင်းပြင်မှာ အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ် မြို့တော်တံခါးတွေထဲမှာ မြေနီကုန်းတံခါးဆိုတာ ပါ ပါတယ်။
အဲဒီတံခါးကနေ ထွက်လိုက်ရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။
လသာ –
ရန်ကုန်ကို အင်္ဂလိပ်တွေသိမ်းပြီး မြို့ကွက်ရိုက်ရာမှာ လမ်းနာမည်ကို သူတို့အရာရှိတွေရဲ့အမည်တွေပေးခဲ့ပါတယ်။
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာပါဝင်ခဲ့တဲ့ ကတ်ပတိန်လတ္တာ (Capt.Lattar) ကို ဂုဏ်ပြု တဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။
လတ္တာလမ်းကို မြန်မာလိုခေါ်ခဲ့ကြရာမှာ လသာလမ်း ဆိုပြီးဖြစ်လာပါတယ်။
အဲဒီနားတဝိုက်ကိုလည်း လသာရပ် ဆိုပြီး ခေါ်ခဲ့ကြပါတယ်။
လမ်းမတော် –
သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သင်္ဘောဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့် တော်တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။
အင်းစိန် –
မွန်ဘာသာ အန်းစိန်(အင်စိင်)ကနေ ဆင်းသက်လာပြီး ဆင်တွေရေကစားရာအရပ် လို့ အဓိပ်ပါယျရပါတယျ။
One Daily Media Knowledge
Leave a Reply