ရန်ကုန်တိုင်းအတွင်း ငလျင်လှုပ်သည့် အကြိမ်ရေ ခပ်စိတ်စိတ်ဖြစ်လာပြီး ၉ ကြိမ်ထက်မနည်း ငလျင်ငယ်များ ဆက်တိုက် လှုပ်ခတ်

ရန်ကုန်တိုင်းအတွင်း ငလျင်လှုပ်သည့် အကြိမ်ရေ ခပ်စိတ်စိတ်ဖြစ်လာပြီး ၉ ကြိမ်ထက်မနည်း ငလျင်ငယ်များ ဆက်တိုက် လှုပ်ခတ်၊ အထပ်မြင့်နေ ပြည်သူများ စိုးရိမ်ထိတ်လန့်

ရန်ကုန်တိုင်းအတွင်း ငလျင်လှုပ်သည့် အကြိမ်ရေ ခပ်စိတ်စိတ်ဖြစ်လာပြီး ၉ ကြိမ်ထက်မနည်း ငလျင်ငယ်များ ဆက်တိုက် လှုပ်ခတ်နေသဖြင့် အထပ်မြင့်နေ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် နံနက်အစောပိုင်းမှစတင်၍ ညနေပိုင်းအထိ ငလျင်များ လှုပ်ခတ်လျက်ရှိရာ ယနေ့ ညနေ ၅ နာရီ ၄၄ မိနစ်အချိန် တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်

စက်တင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်တွင် လှုပ်ခတ်ခဲ့သော ငလျင်သည် အမြင့်ဆုံး ပြင်းထန်သည့် ငလျင်ဖြစ်ပြီး ပြင်းအား ၅ ဒသမ ၁ ရှိကာ ပဲခူးမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း၊ ယင်းငလျင်ပြီးသည့်နောက် နောက်ဆက်တွဲ ငလျင်ငယ် ၉ ကြိမ်ခန့် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲ ငလျင်များကို ရန်ကုန်၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ပဲခူး စသော မြိုနယ်များက ခံစားသိရှိရကြောင်း သိရှိရသည်။

“မနေ့ည ၈ နာရီကျော်က လှုပ်တဲ့ငလျင်ကတော့ အပြင်းဆုံးပေါ့။ ဒီညနေမှာ လည်း ထပ် လှုပ်တယ်။ ခဏခဏ လှုပ်တော့ ကျနော်တို့က ၇ လွှာမှာ နေတာ ဆိုတော့ အိပ်တောင် မအိပ်ရဲတော့ဘူး။ တစ်နေ့လုံး တစ်ညလုံး ခပ်ဖြည်းဖြည်း ငလျင်တွေ လှုပ်နေတာလည်း ခံစားသိရှိရပါတယ်။ ငလျင် လှုပ်ရင်တော့ အထပ်မြင့်မှာနေတဲ့ ကျနော်တို့လို ပြည်သူတွေအတွက် ကျတော့ ပြေးဆင်းချိန် မီပါ့မလားဆိုတာပဲ စိုးရိမ်တယ်။ လိုအပ်တဲ့ စာရွက် စာတမ်းတွေတော့ ထုတ်ထားပြီးပြီ။ ငလျင် ဘယ်လောက်ပဲ ပြင်းပြင်း ကလေးနဲ့ မိန်းမ ဆွဲပြီး ပြေးဆင်းချိန်လောက်ရရင် တော်ပါပြီ” ဟု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ၊ စမ်းချောင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရှင်းပြသည်။

ယမန်နေ့ည ၈ နာရီကျော်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့ နယ်၊ စံပြ ၃ လမ်း၊ အိမ်မှတ် ၂၆၀ ရှိ ၆ ထပ်တိုက်မှာ တိမ်းစောင်းသွားခဲ့သော် လည်း လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က စစ်ဆေးမှုများ မရှိသကဲ့သို့ ယင်းတိုက်တွင် နေထိုင်သူများကလည်း ပြောင်းရွှေ့မှုမရှိကြောင်း သိရှိရသည်။

“စံပြ ၃ လမ်း၊ အိမ်အမှတ် ၂၆၀ တိုက်ကတော့ သိသိသာသာကြီးကို တိမ်းစောင်းသွားတယ်။ မစောင်းတဲ့ဘက်က သံချောင်းတွေတောင် ရုန်းပြီး ပေါ်လာတယ်။ နဂိုကလည်း တိုက်အရည်အသွေးက မကောင်းတာလည်း ပါတယ်။ BCC စည်ပင်ဆီက ရထားပေမယ့်လည်း လက်ရှိ စောင်းသွားတာကို သက်ဆိုင်သူတွေက အကြောင်းကြားသလို ခေတ်သစ်မီဒီယာက သတင်းတင် ဆက်ပေမယ့်လည်း လာပြီး စစ်ဆေးတာမရှိဘူး။ ဘယ်သူကမှ သိပ် အရေးမလုပ် ကြဘူး “ဟု အဆိုပါလမ်းအတွင်း နေထိုင်သူက ဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ည ၈ နာရီကျော်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြ ၃ လမ်း၊ အိမ်မှတ် ၂၆၀ တွင် တိမ်းစောင်းသွားသော ၆ ထပ်တိုက်။

ရန်ကုန်တွင် ငလျင်ထပ်လှုပ်

ဧရာဝတီ၊ စက်တင်ဘာ ၂၄၊ ၂၀၂၃

ရန်ကုန်တိုင်း၊ ကမ္ဘာအေးမြေလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၂၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာကို ဗဟိုပြု၍ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၄)မိနစ်၊ (၃၇) စက္ကန့် အချိန်တွင် အင်အားရစ်(ခ်) တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

စမ်းချောင်း ဒေသခံတဦးက “ဒီညနေ ၅ နာရီ၄၅ မိနစ်လောက် လှုပ်သွားတာ၊ ခဏလေးပဲ၊ ဒါပေမယ့် တိုက်ခန်းဆိုတော့ သိသာတယ်”ဟု ပြောသည်။

ယမန်နေ့ကလည်း ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံပြည်တွင်း ပဲခူးမြို့၏ အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တခုနှင့် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၆၇ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဒိုက်ဦးမြို့၏အနောက်ဘက် ၂၁ မိုင်ခန့်အကွာ) အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အာ ရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားကြောင်းလည်း ယင်းဌာနက ထုတ်ပြန်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *