မုံးကိုးဗျူဟာကုန်း

မုံးကိုးဗျူဟာကုန်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရရှိ၊ စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့

ရှမ်းပြည်နယ်၊ မြောက်ပိုင်း မုံးကိုးဗျူဟာကုန်းကို ယနေ့ နေ့လယ်ပိုင်းတွင် MNDAA ကိုးကန့်တပ်များက သိမ်းပိုက်လိုက်ပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိကြောင်း MNDAA ၏ ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ အချိန်တွင် ဒရုန်းတပ်များ အပါအဝင် MNDAA ဦးစီးသော တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့မှုကြောင့် မုံးကိုးဗျူဟာစစ်စခန်းကုန်းကို ရရှိခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် သံချပ်ကာ ကား တစ်စီး အပါအဝင် လက်နက်ခဲယမ်းအမြောက်အမြားရရှိကြောင်း သိရှိရသည်။

“မုံးကိုးဗျူဟာကုန်းကို ဒီနေ့ နေ့လယ်မှာ သိမ်းပါတယ်။ မုံးကိုးမြို့ရဲ့ဘေးမှာ ထိုင်ထားတဲ့ ဗျူဟာကုန်း။သံချပ်ကာကားတစ်စီးရရှိပါတယ်။ ပန်လုံဗျူဟာကုန်းမဟုတ်ပါဘူး။ ပန်လုံဗျူဟာကုန်း မုံးကိုးရဲ့ အနောက်ဘက်မှာတည်ထားတဲ့ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတစ်ခုပါ” ဟု MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောဆိုသည်။

MNDAA က မူလက သံချပ်ကာနှင့်တင့်ကား ၆ စီးကို သိမ်းပိုက်ရရှိထားပြီဖြစ်ရာ ယခု သံချပ်ကာကားပါ ထပ်မံပေါင်းပါက စုစုပေါင်း စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ်-မြန်မာနယ်စပ်၊ မုံးကိုးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်နိုင်ပြီဟုဆို၊ ၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်အကြာတွင် တော်လှန်ရေးတပ်ဖွဲ့က သိမ်းယူလိုက်သော မြို့ ၅ ခု အထိ ရှိလာပြီ

စစ်ကိုင်းတိုင်းတွင် ကောလင်းမြို့နှင့် ခမ်းပတ်မြို့ကို သိမ်းပိုက်လိုက်ရာ တစ်နိုင်ငံလုံးတွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့ ၇ ခုကို သိမ်းယူထားနိုင်ပြီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ၊ မုံးကိုးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင် ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၏ ရှေ့တန်းသတင်းရင်းမြစ်များကပြောဆိုသည်။

“ဒီနေ့ မုံးကိုးမှာ ကြီးကြီးမားမား စစ်တပ် ဗျူဟာစခန်း၊ တပ်စခန်း မရှိတော့ပါဘူး။ ပန်လုံဗျူဟာလည်း ကျပြီ၊ မုံးကိုးဗျူဟာလည်းရပြီ။ စစ်တပ်ရဲ့ ကြီးကြီးမားမား တပ်စခန်းနဲ့ ဂိတ်စခန်းဆိုတာမ ရှိတော့ပါဘူး။ တစ်မြို့လုံး ရပြီလို့ ပြောလို့ရပါတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ကိုးကန့် MNDAA ကမူ (၇) နှစ်တိုင်တိုင်ကျော်ဖြတ်ခဲ့ပြီးနောက် မုံးကိုးနယ်စပ်ဂိတ်မှာ MNDAA ၏ အလံကိုနောက်တစ်ကြိမ် ထပ်မံထူထောင်နိုင်ခဲ့ကြောင်း ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်ခဲ့သော်လည်း မုံးကိုးမြို့ကို သိမ်းပိုက်ရရှိသည်ဟု တရားဝင် ကြေညာခြင်း မရှိသေးပေ။

လတ်တလော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက သိမ်းယူထားသော မြို့ ၅ မြို့ရှိလာပြီး ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ၊ ဖောင်းဆိုင်နှင့် ယခုနောက်ဆုံး မုံးကိုးမြို့ကို သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း PDF များ၊ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်နေသော တော်လှန်ရေးတပ်ဖွဲ့များကလည်း ကောလင်းမြို့ကို သိမ်းယူပြီးနောက် ယနေ့တွင် တမူးမြို့နယ်အတွင်းရှိ ခမ်းပတ်မြို့ကို သိမ်းပိုက်လိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

မုံးကိုးဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာအမြောက် ၂ လက်၊ သံချပ်ကာ ကားနှင့် စစ်ကား အများအပြား ကို သိမ်းပိုက်ရရှိ

မုံးကိုးမြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို MNDAA က ဆက်လက်တိုက်ခိုက်ရှင်းလင်းနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာအမြောက် ၂ လက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး သံချပ်ကာ ကားနှင့်စစ်ကား အများအပြား ကို သိမ်းဆည်းရရှိခဲ့ကြောင်း MNDAA ကိုးကန့်မှ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့ ၂ ရက်တိုက် စစ်ကောင်စီ၏ မုံးကိုးဗျူဟာကုန်းကို MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ယမန်နေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် MNDAA နှင့် မုံးကိုးလုံခြုံရေး အဖွဲ့တို့ ပူးပေါင်းကာ ဒရုန်း၏ ပစ်ကူမှုများဖြင့် ၎င်းဗျူဟာကုန်း ကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ အချိန် အချိန်တွင် အောင်မြင်စွာသိမ်း ပိုက် နိုင်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲရှိ ဟောင်ဝစ်ဇာ အမြောက် ၂ လက်ကို ဖျက်ဆီးခဲ့ပြီး EE-9 ဘီးအမျိုးအစား သံချပ်ကာ ယာဉ် ၁ စီးကိုသိမ်းယူခဲ့ကြောင်း သိရှိရသည်။

မုံးကိုးတွင် ပန်လုံဗျူဟာနှင့် မုံးကိုးဗျူဟာစခန်းကြီးများ အပါအဝင် အဓိက အချက်အချာကျသော စခန်းများကို MNDAA က သိမ်းပိုက်ရရှိထားပြီး မုံးကိုးနေရာအများစုကို ထိန်းချုပ်ထားကြောင်း၊ မုံးကိုးမြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက် နယ်မြေရှင်းလင်းနေဆဲဖြစ်ကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောဆိုသည်။

“မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်ရှင်းလင်းနေပါတယ်” ဟု လီကျားဝင်းက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *