ခြင်းကြားလေးတွေ မြေမှာမှောက်

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်သည့် ချောင်းနှစ်ခွရဲကင်းနှင့် တံတားတပ်စခန်းကို စစ်ကူလာသော တပ်မ ၂၂ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၂၃ ဦး လက်နက်ချ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၂၃ ဦး လက်နက်ချ အညံ့ခံကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ ၂၂ လက်အောက်ခံ အင်အား ၅၀ ဦးပါ စစ်ကြောင်းမှ ၂၃ ဦးသည် ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးကြောင်း၊ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကြောင်း၊ နောက်ထပ် အရာရှိ ၁ ဦးအပါအဝင် စစ်သား ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက တော်လှန်ရေးတပ်ဖွဲ့များက‌ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲကင်းစခန်းနှင့် တံတားလုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရဲကင်းစခန်းနှင့် တံတားကို အပြီး သတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲတွေက လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဖြစ်နေတာ။ ချောင်းနှစ်ခွမှာတိုက်ပွဲအရမ်းထန်နေတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှာ ကျိုက်မရော ချောင်းနှစ်ခွ တံတားနှင့်ရဲကင်းစခန်း ကို KNDO နဲ့ ဂဠုန်စစ်ကြောင်း အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းလိုက်ပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေပြီ ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ရဲကင်းစခန်းနှင့် တံတားသိမ်းပိုက်မှုတွင် အရှင်ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထွက်ပြေးသွားကြကြောင်း၊ အသေးစိတ်ကို သက်ဆိုင်ရာက သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *