ကွမ်းလုံမြို့သိမ်း တိုက်ပွဲ (၁၂)ရက်သာ ကြာ၊ သမိုင်းဝင် ဖြစ်ရပ်လို့ MNDAA ထုတ်ပြန်

ကွမ်းလုံမြို့သိမ်း တိုက်ပွဲ (၁၂)ရက်သာ ကြာ၊ သမိုင်းဝင် ဖြစ်ရပ်လို့ MNDAA ထုတ်ပြန်၊

လက်နက်တိုက်တွေ အပါအဝင် သံချပ်ကာ လေးစီး၊ အတွဲလိုက်ဒုံး နှစ်စီးနဲ့ ဟောင်ဝီဇာအမြောက် သိမ်းဆည်းရရှိ၊

ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်မြစ်ကမ်းက စစ်ရေးဗျုဟာ အချက်အချာကျတဲ့ ကွမ်းလုံမြို့ ကို နိုဝင်ဘာ(၁)ရက်က စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် (၁၂)ရက်ကြာ ဒီမနက်ပိုင်းမှာ အောင်မြင်စွာ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) – ကိုးကန့်ရဲ့ သတင်း ပြန်ကြားရေး ကိုးကန့်မီဒီယာက ဖော်ပြပါတယ်။

ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်မှုဟာ “သမိုင်းကြောင်းတွင် အလွန်အရေးကြီးလှသည့် ဖြစ်ရပ်တစ်ရပ် ဖြစ်သလို (၁၀.၂၇) စစ်ဆင်ရေး Operation ကြီး လုပ်ဆောင်လာသည့် အချိန်တလျှောက်လုံးတွင် အများပြည်သူ များကို အန်မတန် အားတက်စေသည့် သတင်းကောင်းတစ်ခုလည်း ဖြစ်ပါသည်” လို့ ကိုးကန့်MNDAA က ဖော်ပြပါတယ်။

ကိုးကန့်ဒေသ တောင်ပိုင်း၊ သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ဖို့ (၁၀.၂၇)စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် နိုဝင်ဘာ(၁)ရက် ကတည်းက စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ပထမဆုံးအနေနဲ့ ကွမ်းလုံတံတားကို သိမ်းပိုက်ပြီး နိုဝင်ဘာ(၂)ရက်မှာ ကွမ်းလုံမြို့ အနောက်ဘက်က တောင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းယူကာ ကွမ်းလုံမြို့ (သံလွင်မြစ်အရှေ့ဘက်ခြမ်း)ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုးကန့်(MNDAA)နဲ့ မဟာမိတ်တွေဟာ နိုဝင်ဘာ(၆)ရက်မှာ သံလွင်မြစ် အနောက်ဘက်ခြမ်း၊ ကွမ်းလုံ‌မြို့ရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ စစ်အုပ်စု ဗျူဟာကုန်းနဲ့ တပ်စခန်းတွေကို စတင် ထိုးစစ်ဆင်ခဲ့ပြီး ခြောက်ရက်ကြာ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ နိုဝင်ဘာ(၁၂)ရက် မနက်(၁၀)နာရီကျော်မှာ အပြီးအပိုင် သိမ်းယူနိုင်ခဲ့တာလို့ ဖော်ပြပါတယ်။

“ယခုအချိန်တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် ကွမ်းလုံမြို့နယ် တစ်ခုလုံး အတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် အားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ကွမ်းလုံမြို့ကို လုံးဝ ထိန်းချုပ်နိုင်ခဲ့ပါသည်။ ထို့ပြင် ကိုးကန့်(MNDAA)နှင့် မဟာမိတ် အဖွဲ့များ၏ ပူးတွဲ ဆောင်ရွက်မှုတို့ဖြင့် ကွမ်းလုံ- နန်ဟူ – ချင်းရွှေဟော်-တုန်ရှမ်းဒေသ တာတုံ အထိ နေရာ တကြောလုံးကို ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါသည်”လို့ MNDAA က ဆိုပါတယ်။

ကွမ်းလုံမြို့ဟာ စစ်ရေးမဟာဗျူဟာအရ အလွန်အရေးကြီးတာကြောင့် စစ်အုပ်စုက အလွန်ခိုင်မာတဲ့ ခံတပ်တစ်ခုအဖြစ် အထူးဂရုပြု တည်ဆောက်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။

(၁၂)ရက်ကြာ ကွမ်းလုံမြို့သိမ်း တိုက်ပွဲအတွင်း သံချပ်ကာ လေးစီး၊ (၁၂၂ မမ) အတွဲလိုက်ဒုံး နှစ်စီး၊ (၁၂၂ မမ) ဟောင်ဝီဇာ အမြောက်တစ်လက်၊ လက်နက်ခဲယမ်း၊ ယာဉ်ယန္တရား အများအပြား သိမ်းဆည်းရရှိသလို ကွမ်းလုံဗျူဟာကုန်း၊ ခမရ (၃၁၂) တပ်စခန်း၊ ကွမ်းလုံရဲစခန်း၊ ကွမ်းလုံးတံတားဟောင်း၊ ကွမ်းလုံတံတားသစ် စတာတွေ အားလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

“၁၀.၂၇ ပူးတွဲစစ်ဆင်ရေး Operation ကြီး လုပ်ဆောင်လာသည့် တလျှောက်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ ဝင်များအနေဖြင့် တက်ကြွအားသန်ပြီး ရှမ်းမြောက်ဒေသတွင် စစ်အောင်ပွဲများကို အဆက်မပြတ် ဖော်ဆောင် နိုင်ခဲ့ပါသည်။ MNDAA မှ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးတွဲပြီး ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ) စသည့် နေရာရှိ စစ်ကောင်စီ၏ အရေးကြီး တပ်စခန်းများကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည့်အပြင် ချင်းရွှေဟော် ၊ မုံးကိုး နှင့် ကွမ်းလုံ စသည့် မြို့နယ်များကိုလည်း ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ခဲ့ပြီး အထူးဒေသ(၁)၏ သမိုင်းဝင် အုပ်ချုပ် နယ်မြေများကို ပြန်လည် ထူထောင်နိုင်ခဲ့ပါသည်” လို့ MNDAA က ဖော်ပြပါတယ်။

၁၈၆၇ ခုနှစ်က ကိုးကန့်စော်ဘွား ရန်ကော်ဟွာရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တဲ့ ကွမ်းလုံမြို့ကို မူပန်(သိန္နီ) စော်ဘွားက လာရောက် တိုက်ခိုက်ခဲ့တာက လွဲလို့ ၁၉၆၉ ခုနှစ် မတိုင်ခင်အချိန်အထိ ကွမ်းလုံ‌ဒေသဟာ ကိုးကန့်ရဲ့ ဥပဒေ စိုးမိုးမှုအောက်မှာ တည်ရှိခဲ့တဲ့ မြို့ဖြစ်ကြောင်းနဲ့ နောက်ပိုင်းမှာတော့ အခြေအနေ အမျိုးမျိုးကြောင့် စစ်အစိုးရရဲ့ လွမ်းမိုးမှုအောက်ကို ရောက်ရှိသွားခဲ့ပြီး လက်ရှိမှာ သမိုင်းဝင်အဖြစ် ကွမ်းလုံမြို့ကို ပြန်သိမ်း နိုင်တာလို့ MNDAA က ဆိုပါတယ်။

ဗမာပြည် ကွန်မြူနစ်ပါတီ – ဗကပ က ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ဖို့ ၁၉၇၁ နိုဝင်ဘာကနေ ၁၉၇၂ ဇန်နဝါရီအထိ (၄၂)ရက်ကြာ တိုက်ပွဲ ဆင်နွှဲခဲ့ဖူးပြီး စစ်အုပ်စုက ဗကပတွေကို ခုခံတိုက်ထုတ်နိုင်ခဲ့ကာ ကွမ်းလုံ ရက်(၄၀)တိုက်ပွဲ အဖြစ် နာမည်ကျော်ခဲ့ပါတယ်။

(၁၂)ရက်ကြာ ကွမ်းလုံမြို့သိမ်း တိုက်ပွဲအပြီး သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းနဲ့ ယာဉ်ယန္တရားတွေ/Photo – ကိုးကန့်မီဒီယာ


Comments

Leave a Reply

Your email address will not be published. Required fields are marked *