တစ်နိုင်ငံလုံး မြို့သိမ်းတိုက်ပွဲတွေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကြောင့် ဧရာ၀တီတိုင်း စစ်ကောင်စီလည်း ကြောက်လန့်စိုးရိမ်ပြီး အမိန့်တွေထုတ်ပြန်

နိုင်ငံတစ်ဝန်း တစ်နိုင်ငံလုံး မြို့သိမ်းတိုက်ပွဲများနှင့် တော်လှန်ရေးလှုပ်ရှားမှုများ မြင့်တက်လာချိန်တွင် ဧရာ၀တီတိုင်း စစ်ကောင်စီက လုံခြုံရေး အစည်းအဝေးခေါ်ပြီး ကြောက်လန့်စိုးရိမ်မှုများနှင့်အတူ PDF တပ်များ မရောက်ရှိလာစေရေးနှင့် အတိုက်မခံရရေး ဆောင်ရွက်ရန် အမိန့်ထုတ်ပြန်သည်။

ဧရာ၀တီတိုင်းတွင် မြို့အဝင်အထွက်ဂိတ်များ တိုက်ခိုက်ခံရမှု မရှိစေရေး ဆောင်ရွက်ရန်၊ ရုံးဌာန CCTV များ စစ်ဆေးရန်နှင့် ဧရာ၀တီတိုင်းတွင် တော်လှန်ရေး လှုပ်ရှားမှုများ မရှိအောင် စိစစ်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

နိုဝင်ဘာ ၁ ရက်နေ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်အစည်း အဝေးခန်းမတွင် ပြုလုပ်သည့် လုံခြုံရေးနှင့် သတင်းညှိနှိုင်းအစည်းအဝေးတွင် ဧရာ၀တီတိုင်းတွင် လုံခြုံရေး တင်းကျပ် ရန် အမိန့် ထုတ်ညွှန်ကြားခြင်းဖြစ်ကြောင်း ၊ ဧရာ၀တီတိုင်းသည် တော်လှန်ရေးလှုပ်ရှားမှု နည်းပါးသော ဒေသဖြစ်နေမှုကို ဆက်လက် ထိန်းသိမ်းရေး အနောက်တောင်တိုင်းစစ်ဌာနချုပ်က တိုက်တွန်းထားသည်။

“အဓိက တော်လှန်ရေး လှုပ်ရှားမှုတွေ ဧရာ၀တီတိုင်းထဲ ဝင်မလာအောင် သူတို့က လုံခြုံရေးတင်းကျပ်ခိုင်းတာ။ တပ်တွေလည်း အင်အားကနည်းတော့ အားလုံး ၀ိုင်းကူကြဖို့ ။ ထွေ/အုပ်၊ ရဲနဲ့ မီးသတ်တွေပါ ကူကြဖို့ အားလုံး၀ိုင်းလုပ်ကြဖို့ တပ်ဘက်က ဖိအားပေးတာ။ အခု အခြေအနေက အကုန်လုံးက လန့်နေကြတယ်။ ကြောက်နေကြတယ်။ ဘယ်အချိန် ဂိတ်တွေ တပ်စခန်းတွေ ရုံးတွေ လာတိုက်မလဲ။ ဒရုန်းနဲ့ ဗုံးလာကျဲမလဲဆိုတာ စိုးတထိတ်ထိတ် အားလုံးဖြစ်နေတာပါ” ဟု ဧရာ၀တီတိုင်း စစ်ကောင်စီ၏ ပြည်ထဲရေး ဌာနဆိုင်ရာ အရာရှိတစ်ဦးက ပြောဆိုသည်။

ဧရာ၀တီတိုင်းတွင် ကုန်းလမ်းသာမက၊ ရေလမ်းကြောင်းများမှတစ်ဆင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ဝင်ရောက်မှုကိုလည်း ပိုမို တားမြစ်စစ်ဆေးနိုင်ရေး ဆောင်ရွက်ကြရန် အစည်းအဝေးတွင် ဆွေးနွေးကြကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *