တရုတ်အလိုရှိပြီး စစ်ကောင်စီက ဖမ်းဆီးထားတယ်ဆိုတဲ့ ဦးမြီရှောက်ချန်း ဆုံးပြီ

တရုတ်က ဖမ်းဝရမ်းထုတ်ပြီး အလိုရှိနေတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ ဦးမြီရှောက်ချန်းဟာ ဒီကနေ့ နိုင်ဝင်ဘာ ၁၆ရက်နေ့ မနက်ပိုင်းမှာ ဆေသုံးသွားခဲ့ပြီဖြစ်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

သေဆုံးသွားရတဲ့အကြောင်းအရင်းကိုတော့ အသေးစိတ်မသိရသေးဘဲ စစ်ကောင်စီဘက်ကတော့ ဦးမြီရှောက်ချန်းအပါအဝင် သူရဲ့သားနဲ့မြေးဖြစ်တို့ကို ဖမ်းစီးရမိခဲ့တယ်လို့ ဒီနေ့မှာ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

“ဆူးဆိုက်လုပ်တယ်လို့ပြောကြတယ်။ အချို့ကတော့ သတ်ပစ်ပြီးတော့ အမှုကို ပိတ်ချင်တဲ့သဘောလားမသိဘူး”လို့ သတင်းအရင်းမြစ်က ပြောပါတယ်။

လက်ရှိ ဦးမြီရှောက်ချန်းအလောင်းကို တရုတ်ဘက်က တောင်းဆိုထားပြီး သူ့အလောင်းက လောက်ကိုင်မှာဘဲ ရှိသေးတယ်လို့ သိရပါတယ်။

ဦးမြီရှောက်ချန်းမိသားစုဝင် ၄ဦးကို တရုတ်ဘက်က ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ကောင်စီဘက်ကလည်း ထပ်ဆင့်ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

သြဇာကြီး ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်၏ သားကို စစ်ကောင်စီ ဝရမ်းထုတ်

ပယ်ရင်ချန်သည် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး တပ်မတော်နေ့အခမ်းအနားများတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့သည်အထိ ပေါက်ရောက်သူဖြစ်သည်။

ကိုးကန့်ဒေသ၏ သြဇာအကြီးဆုံးပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးပယ်စောက်ချိန်၏သား၊ ပယ်ရင်ချန်ကို စစ်ကောင်စီက ကျားဖြန့်သံသယဖြင့် ယနေ့(နိုဝင်ဘာ ၁၆) တွင် ဖမ်းဝရမ်း ထုတ်လိုက်သည်။

ပယ်ရင်ချန်သည် ဒေသဆိုင်ရာပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ သူ၏အစ်ကို ဦးခင်မောင်လွင်သည် စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့၏ ထိပ်ပိုင်းအရာရှိလည်းဖြစ်သည်။

ပယ်ရင်ချန်သည် ပြီးခဲ့သည့်မတ်လအတွင်းက နေပြည်တော်တွင်ကျင်းပခဲ့သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ခွင့်ရခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့သည်အထိ ပေါက်ရောက်ခဲ့သူဖြစ်သည်။

ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြုလိမ်လည်မှု၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှု စသည့် အမှုများ ကျူးလွန်ကြောင်း သံသယများဖြင့် စစ်ကောင်စီက ဝရမ်းထုတ်ထားသည်။

“ပယ်” မိသားစု

“ပယ်” မိသားစုသည် လွန်ခဲ့သည့် ၁၄နှစ် ၂၀၀၉ မှစတင်ပြီး မြန်မာစစ်တပ်၏ကျောထောက်နောက်ခံဖြင့် ကိုးကန့်ဒေသတွင် တန်ခိုးထွားလာကြသူများဖြစ်သည်။

အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်တပ်များ မြန်မာစစ်တပ်အောက်ဝင်ရောက်ရေးအစီအစဉ်ကို ဦးပယ်စောက်ချိန်က လက်ခံခဲ့သည်။ အပြန်အလှန်အားဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ န.အ.ဖ အစိုးရက ဦးပယ်စောက်ချိန်ကို ကိုးကန့်ဒေသယာယီဦးစီးကော်မတီတွင် ဥက္ကဋ္ဌ ရာထူးပေးခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဦးပယ်စောက်ချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ရှမ်းပြည်နယ်လွှတ်တော်၊ လောက်ကိုင်အမတ်အဖြစ် ဝင်ပြိုင်ရာ ထိုမြို့တွင် ပြိုင်ဘက်မရှိ အနိုင်ရခဲ့သည်။

ထို့နောက်သမ္မတဦးသိန်းစိန်အစိုးရက ၂၀၁၁ မတ်လတွင် ဦးပယ်စောက်ချိန်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့၏ ခေါင်းဆောင်အဖြစ်ဆက်ခန့်ထားခဲ့သည်။

၂၀၁၅ နောက်ပိုင်းတွင် ဦးပယ်စောက်ချိန်သည် လွှတ်တော်နိုင်ငံရေးမှအနားယူသွားခဲ့ပြီး လက်နက်ကိုင်တပ်ကိုလည်း သားဖြစ်သူများဖြင့် လွှဲခဲ့ကာ နောက်ကွယ်ကသာ ပါဝင်ပတ်သက်ခဲ့သည်။

ဖခင်၏အရိုက်အရာကို ဆက်ခံသည့် ပယ်ရင်ချန်သည် ကိုးကန့်ဒေသတွင် ကျေးရွာအုပ်စုများ၏ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သည်။

ကိုးကန့်ဒေသမှ အခြားသောသြဇာကြီးသည့် ၂၀၁၀-၂၀၁၅ ပြည်နယ်လွှတ်တော် (လောက်ကိုင် – ၂) အမတ် ဦးမြီရှောက်ချန်း (၆၉ နှစ်)နှင့် သားဖြစ်သူ သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဦးမြီကော်ဖျင် (၄၂ နှစ်)၊ မြေးဖြစ်သူ မြီကျိန်ကျိန် (၂၇ နှစ်) တို့ကို စစ်ကောင်စီက ယနေ့တွင်ဖမ်းဆီးခဲ့သည်။

၎င်းတို့အားဖမ်းဆီးစဉ် ဦးမြီရှောက်ချမ်းသည် ပစ္စတိုသေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ်ပစ်ခတ်ကာ အဆုံးစီရင်သွားသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

ထိုထုတ်ပြန်ချက်မတိုင်မီ စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းထုတ်ပြန်ချက်တွင် ဦးမြီရှောက်ချန်းနှင့် မိသားစုဝင်နှစ်ဦးကို လောက်ကိုင်တွင် ဖမ်းမိကြောင်းနှင့် တရုတ်ဘက်ပို့ရန်ပြင်ဆင်နေကြောင်း ဖော်ပြသော်လည်း ဦးမြီရှောက်ချန်း ဒဏ်ရာရခဲ့သည့်သတင်းမပါရှိခဲ့ပါ။

ကြံ့ခိုင်ရေးအမတ်ဟောင်းသေဆုံးမှုအတွက် အဆုံးစီရင်ခြင်းဖြစ်နိုင်သလို၊ နှုတ်ပိတ်ခံရခြင်းလည်းဖြစ်နိုင်ကြောင်း ဒေသခံများကို ကိုးကားပြီး ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ရေးသားသည်။

ထိုသုံးဦးနှင့် ဦးမြီရှောက်ချန်း၏ သမီးဖြစ်သူ မြီကျူးလန့် (၄၂ နှစ်) တို့ကို တရုတ်နှင့်စစ်ကောင်စီ နှစ်ဖက်စလုံးက ကျားဖြန့်အပါအဝင် အခြားအမှုများတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲထားသည်။

ကြံ့ခိုင်ရေးနှင့် စစ်ခေါင်းဆောင်တို့ မျက်ခုံးလှုပ်နေသည့် တရုတ်၏ ဖမ်းဝရမ်းများ

ကျားဖြန့်သံသယဖြင့် ကြံ့ခိုင်ရေးအမတ် ကိုးကန့်သူဌေးဦးမောင်မောင်ကို ဖမ်းပြီးနောက် ကြံ့ခိုင်ရေးအမတ်နောက်တစ်ဦး၊ နယ်ခြားစောင့်တပ်ခေါင်းဆောင်အပါအဝင် ကိုးကန့်ဒေသမှ လူ ၄ ဦးကို တရုတ်က ဖမ်းဝရမ်းထပ်ထုတ်လိုက်သည်။

ကျားဖြန့်ခေါ် အွန်လိုင်းအခြေပြုလိမ်လည်မှုလုပ်ငန်းတွင် ပါဝင်ပတ်သက်သည်ဆိုသော သံသယဖြင့် ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်၊ နယ်ခြားစောင့်တပ်ခေါင်းဆောင်တို့ အပါအဝင် ၄ ဦးကို တရုတ်အစိုးရက ယမန်နေ့ (နိုဝင်ဘာ ၁၂) တွင် ဖမ်းဝရမ်းထုတ်လိုက်သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲကျန်းပြည်နယ်၊ ဝန်ကျိုးမြို့ရဲတပ်ဖွဲ့၏ ဖမ်းဝရမ်းစာရင်းတွင် ပြည်နယ်လွှတ်တော်အမတ် ဦးမြီရှောက်ချန်း (၆၉ နှစ်)၊ သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဦးမြီကော်ဖျင် (၄၂ နှစ်)၊ သမီးဖြစ်သူ မြီကျူးလန့် (၄၂ နှစ်)၊ မြေးဖြစ်သူ မြီကျိန်ကျိန် (၂၇ နှစ်) တို့ ပါဝင်သည်။

၎င်းတို့ကို ဖမ်းမိရေး သတင်းပေးနိုင်ပါက တရုတ်ယွမ်ငွေ တစ်သိန်းမှ ငါးသိန်းအထိ (ကျပ်သိန်း ၄၅၀ မှ ကျပ်သိန်း ၂၀၀၀ ကျော်) ဆုကြေးပေးမည်ဟုလည်း တရုတ်ဘက်က ကြေညာထားသည့်နည်းတူ ကာကွယ်ပေးသူများကို ပြင်းထန်သည့်တုံ့ပြန်မှု ပြုလုပ်မည်ဟုလည်း ရာဇသံပေးထားသည်။

တရုတ်၏ ထိုဖမ်းဝရမ်းသည် မြန်မာစစ်တပ်အရာရှိဟောင်းများ ခေါင်းဆောင်သည့် ကြံ့ခိုင်ရေးပါတီနှင့် ပြည်သူ့စစ်များကို ထိန်းချုပ်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အတွက် ခေါင်းခဲစရာဖြစ်လာသည်။

တရုတ်အလိုရှိသည့် ဒုတိယမြောက်ကြံ့ခိုင်ရေးအမတ်

ဦးမြီရှောက်ချန်းသည် ကျားဖြန့်ပြဿနာများအတွက် တရုတ်က အလိုရှိသည့် ဒုတိယမြောက် ကြံ့ခိုင်ရေးအမတ်ဖြစ်သည်။ ယင်းမတိုင်မီက ကြံ့ခိုင်ရေးပါတီဝင်၊ ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ ကိုးကန့်၊ ကုန်းကြမ်း (၂) ရှမ်းပြည်နယ်လွှတ်တော်အမတ် ဦးမောင်မောင်ကို တရုတ်တို့က ၂၀၂၃ အောက်တိုဘာ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထားသည်။ အမတ်ဟောင်း ဦးမြီရှောက်ချန်း၏ သမက်ကို (မြီကျူးလန့်၏ ခင်ပွန်း) သည်လည်း ဦးမောင်မောင်နှင့်အတူ တစ်ချိန်တည်း ဖမ်းခံထားရသည်။

‘မြင်ရှော်ချန်း’ (သို့) ‘မြင်ရွှေချမ်း’ ဟုလည်း နောက်ထပ်အမည်တစ်ခုရှိသည့် ဦးမြီရှောက်ချန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအမတ်အဖြစ် ရှမ်းပြည်နယ်လွှတ်တော်တွင် လောက်ကိုင် (၂) အမတ်အဖြစ် ပြိုင်ဘက်မရှိ အနိုင်ရခဲ့သူဖြစ်သည်။

ထို့နောက် ဦးမြီရှောက်ချန်းသည် ကိုးကန့်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်ရသည့် ဒေသဦးစီးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ မှ ၂၀၁၆ အထိ ကိုးကန့်ဒေသကို စီမံခန့်ခွဲခွင့်ရခဲ့သည့် ဒေသဦးစီးအဖွဲ့ကို ကိုးကန့်တွင် သြဇာကြီးသည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ခေါင်းဆောင် (ဟောင်း) ဦးပယ်ဆောက်ချိန်က ဦးဆောင်သည်။

ဦးပယ်ဆောက်ချိန်သည် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ကို မြန်မာစစ်တပ်နှင့်အတူ လက်တွဲတိုက်ခိုက်ပြီးနောက် သူ၏တပ်များကို ၂၀၀၉ ဒီဇင်ဘာတွင် မြန်မာစစ်တပ်၏ အမှတ် (၁၀၀၆) နယ်မြေခံ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့ကာ ကိုးကန့်ဒေသကို အပိုင်စားရခဲ့သည်။

ဦးမြီရှောက်ချန်းသည် ဦးပယ်ဆောက်ချိန်၏ အားအကိုးရဆုံးသော လက်ရုံးတပ်မှူးများထဲမှ တစ်ဦးဖြစ်သည်။

ပထမအကြိမ်လွှတ်တော်သက်တမ်း ပြီးဆုံးချိန်တွင် ဦးပယ်ဆောက်ချိန်နှင့် ဦးမြီရှောက်ချန်းတို့ ဆရာတပည့်နှစ်ဦးစလုံး လွှတ်တော်နိုင်ငံရေးမှ အနားယူခဲ့ကြပြီး ဒုတိယမျိုးဆက် သားသမီးများကို ကိုးကန့်ဒေသတွင် စစ်ရေးနှင့် နိုင်ငံရေး ခေါင်းဆောင်များအဖြစ် စင်တင်ခဲ့သည်။

တစ်ချိန်က လက်နက်ကိုင်တပ် လက်ဝယ်ရှိခဲ့သည့် ဦးမြီရှောက်ချန်းသည် နိုင်ငံရေးအာဏာ စွန့်ခွာရချိန်တွင် အသက် ၄၂ နှစ်အရွယ် သားဖြစ်သူ ဦးမြီကော်ဖျင်ကို နယ်ခြားစောင့်တပ်တွင် ထည့်သွင်းခဲ့သည်။

တရုတ်၏ နိုဝင်ဘာ ၁၂ ဖမ်းဝရမ်းတွင် နယ်ခြားစောင့်တပ်အရာရှိ ဦးမြီကော်ဖျင်၏အမည် ပါဝင်လာခဲ့ရာ ၎င်းကို တရုတ်ဆီ လွှဲပေးရေး၊ မပေးရေး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆုံးဖြတ်ရတော့မည်ဖြစ်သည်။

စစ်ကောင်စီက ဆက်လက်ကိုင်စွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အဆုံးအဖြတ်သာ အပြီးအပြတ်ဟု သတ်မှတ်ထားသည်။

တရားဝင် ဖမ်းဝရမ်းမဆင့်ထုတ်သေးသော်လည်း ဦးမြီရှောက်ချန်း၏ နောက်ထပ်သားတစ်ဦးဖြစ်သည့် မြီကိုအန် (မင်ကိုအန်) ကိုလည်း တရုတ်ဘက်က အလိုရှိနေသည်ဟု တရုတ်သတင်းများနှင့် ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ မြီကိုအန်သည် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ကိုးကန့်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ ကြယ်သုံးပွင့်အဆင့်ရှိ ဒုရဲမှူးဖြစ်သည်။

တရုတ်တို့ ဒေါသထွက်ခဲ့သည့် ‘၁၀၂၀ အဖြစ်အပျက်’

ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံအတွင်း လူပြောများသည့် ဖြစ်ရပ်က ‘၁၀၂၀ အဖြစ်အပျက်’ ဟု တင်စားကြသည့်၊ လောက်ကိုင်မြို့ထဲတွင် အောက်တိုဘာ ၂၀ ရက်နေ့က တရုတ်လူမျိုးများ သတ်ဖြတ်ခံရသည်ဆိုသည့် ကိစ္စဖြစ်သည်။

အရေအတွက် မည်မျှသတ်ဖြတ်ခံခဲ့ရသည်ကို တိတိကျကျ မသိရသော်လည်း လောက်ကိုင်သို့ လူကုန်ကူးခံရသူ အယောင်ဆောင်ကာ ကျားဖြန့်အကြောင်း လာရောက်စုံစမ်းသည့် တရုတ်ထောက်လှမ်းရေးအရာရှိ အနည်းဆုံး နှစ်ဦးမှ အများဆုံး ငါးဦးအထိ သတ်ဖြတ်ခံခဲ့ရသည်ဟု တရုတ်သတင်းများက ရေးသားကြသည်။

စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားသည့် သတင်းဌာနတစ်ခုကလည်း စစ်ကောင်စီ သတင်းအရင်းအမြစ်များကို ကိုးကားပြီး တရုတ်အစိုးရက လွှတ်လိုက်သူများ လောက်ကိုင်တွင် အသတ်ခံရသည့်သတင်း မှန်ကန်သည်ဟု ဆိုသည်။ အနည်းဆုံး တရုတ်ရဲတစ်ဦးနှင့် တရုတ်နိုင်ငံသားတချို့ ထိုနေ့က သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။

ထိုအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပေးရန် ကိုးကန့်ဒေသနှင့်ကပ်လျက်၊ တရုတ် ယူနန်ပြည်နယ် လင်ချန်းနိုင်ငံခြားရေးရုံးက အောက်တိုဘာ ၂၁ တွင် စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ထံ စာပို့ခဲ့သည်။ Myanmar Now က ရရှိထားသည့် အကြောင်းကြားစာတွင် လောက်ကိုင်မြို့တွင်း ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံသားများ သေကျေ ဒဏ်ရာရသည်ဟု သတင်းရထားပြီး ဖြေရှင်းချက်ပေးရန် ရေးသားထားသည်။

တရုတ်ဘက်က တောင်းဆိုမှုတွင် ထိုဖြစ်ရပ်အတွက် ဦးမြီရှောက်ချန်းကို စုံစမ်းစစ်ဆေးပေးရန်လည်း ပါရှိသည်။

တရုတ်ဘက်က အစပိုင်းတွင် ထိုပြဿနာကို သိုသိုသိပ်သိပ်ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် လူသိရှင်ကြား ဖမ်းဝရမ်းပါ ဆင့်ထုတ်ပြီး ဖြေရှင်းရန် တောင်းဆိုလာခြင်းဖြစ်သည်။

အစဉ်အလာအရ ကြံ့ခိုင်ရေးပါတီနှင့် စစ်အုပ်စုကို သစ္စာခံခဲ့ကြသည့် ကိုးကန့်သူဌေးကြီးများကို တရုတ်လက်အပ်မည်လော၊ ကာကွယ်စောင့်ရှောက်မည်လော စစ်ကောင်စီနှင့် ကြံ့ခိုင်ရေးပါတီတို့ ဆုံးဖြတ်ကြရတော့မည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *