ပြင်ဦးလွင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ တွင် ဒရုန်းဖြင့် ဗုံးကျဲလျှင် ခံနိုင်ရည်ရှိသော ကတုတ်ကျင်းများ အဆင့်မြှင့်တင် တူးကြရန် စစ်ကောင်စီက ညွှန်ကြား

အကြမ်းဖက်စစ်ကောင်စီက ပြင်ဦးလွင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ တွင် ဒရုန်းဖြင့် ဗုံးကျဲလျှင် ခံနိုင်ရည်ရှိသော ကတုတ်ကျင်းများ အဆင့်မြှင့်တင် တူးကြရန် စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်လိုက် ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကျဲမှုကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်တိုက်ဆောင်ရွက်နေပြီး စစ်ကောင်စီ၏ တပ်စခန်းများ ကျဆုံးမှုများတွင်လည်း ဒရုန်းဗုံးများကြောင့် အဓိက ပါဝင်နေသည်ဟု စစ်ရေးဆိုင်ရာ သုံးသပ်ချက်များ နေပြည်တော်စစ်ရုံးတွင် ထွက်ပေါ်လာကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများတွင် ဒရုန်းဖြင့် ဗုံးကျဲလျှင် ခံနိုင်ရည်ဆိုသော ကတုတ်ကျင်းများ တူးကြရန် စစ်ကောင်စီက အမိန့် ညွှန်ကြားချက် ထုတ်ပြန်ကြောင်း သိရှိရသည်။

“ပုံမှန် သာမန် ကတုတ်ကျင်းတွေက တပ်ရင်းတပ်ဖွဲ့အားလုံးမှာ တူးထားပြီးသား။ အခုကတော့ ရှိရင်းစွဲ ကတုတ်ကျင်းတွေကို ဒရုန်းဗုံး ခံနိုင်ရည်ရှိတဲ့ ကတုတ်ကျင်းတွေ အဖြစ် အဆင့်မြှင့်ခိုင်းတယ်။ အဲဒါက ရည်ညွှန်းစာမှာ ဘယ်လို ကျင်းမျိုးတွေဆိုတာမျိုးတွေပါတယ်။ ဘယ်လိုတူးရမယ်။ ပြီးတော့ အပေါ်ကနေ ဘယ်လို ဗုံးကာမယ့် Shield တွေ တင်ရမယ်ဆိုတာမျိုးတွေ အသေးစိတ်ပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ အမှတ် ၆ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၆)၊ လေကြောင်းရန်ကာကွယ်ရေးတပ်များ တွင်လည်း ဒရုန်းဗုံးဒဏ် ခံနိုင်ရည်ရှိသော ကတုတ်ကျင်းများ တူးရန်အတွက် မြေကော်စက်များ လိုက်လံ ငှားရမ်းနေကြောင်း သိရှိရသည်။

“ပန်းတောင်းမြို့နယ်မှာရှိတဲ့ ကပစ တပ်တွေမှာ ခံစစ် ကတုတ်ကျင်းတူးဖို့ အပြင်က ဘက်ဟိုးမြေကော်စက်တစ်စီးကို တစ်နေ့ ၅ သိန်းပေးပြီး ခေါ်နေတယ်။ ကပစ မှာ တူးပေးနေရတဲ့ ဘက်ဟိုးကို လေကြောင်းကာကွယ်ရေးတပ်က တစ်နေ့ကို ၆ သိန်းပေးပါ့မယ်၊ သူ့တပ်ကို အရင်တူးပေးဆိုပြီး အလုအယက် ကတုတ်ကျင်းတွေ တူးနေကြတာ။ အရင်ကတော့ စစ်သည်တွေနဲ့ လက်နဲ့တူးတဲ့ ကတုတ်ကျင်းတွေ သုံးတာ။ အခုကတော့‌ မြေကော်စက်တွေနဲ့ စနစ်တကျ တူးတဲ့ ကတုတ်ကျင်းတွေ တူးခိုင်းတာ” ဟု ပန်းတောင်းမြို့နယ်မှ စစ်တပ်အသိုင်းအ၀ိုင်းက ဆိုသည်။

ကတုတ်ကျင်းများအပြင် တပ်ရင်းတပ်ဖွဲ့များတွင် ၂၄ နာရီ ကင်းစခန်းများ တိုးချဲ့ ချခိုင်းထားပြီး စစ်သည်များ၏ အမျိုးသမီးများ၊ အရာရှိများ၏ ဇနီးများပါ ကင်းတာဝန်များကို ခွဲဝေ ထမ်းဆောင်နေရကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *