ယနေ့ ပုဂ္ဂလိကဘဏ်များတွင် ငွေကြေးများ အကန့်အသတ်ဖြင့်သာ ထုတ်ပေး

ယနေ့ ပုဂ္ဂလိကဘဏ်များတွင် ငွေကြေးများ အကန့်အသတ်ဖြင့်သာ ထုတ်ပေးပြီး တစ်ပတ်လျှင် ငွေကျပ် သိန်း ၂၀ သာထုတ်ပေးတော့၊ ကျပ်သိန်း ၁၀၀ အထက်ထုတ်ယူသူများကို စတင်စောင့်ကြည့်နေဟု စစ်ကောင်စီက ခြိမ်း ခြောက်

ယနေ့ ပုဂ္ဂလိကဘဏ်များတွင် ငွေကြေးများ အကန့်အသတ်ဖြင့်သာ ထုတ်ပေးပြီး တစ်ပတ်လျှင် ငွေကျပ် သိန်း ၂၀ သာရရှိသူများပြားကြောင်း ပြည်သူများကပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ပုဂ္ဂလိကဘဏ်များတွင် ငွေကြေး ထုတ်မရခဲ့သူများက ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ပုဂ္ဂလိကဘဏ်များထံ သွားရောက်၍ ငွေကြေးထုတ်ယူသောအခါ လူပုဂ္ဂိုလ်ဆိုင်ရာ ဘဏ်စာရင်းများအတွက် တစ်ပတ်လျှင် ငွေကျပ်သိန်း ၂၀၊ ကုမ္ပဏီဘဏ်စာရင်းများအတွက် ငွေကျပ် သိန်း ၂၀၀ ဟု ဗဟိုဘဏ်က ကန့်သတ်ထားသည်ဟု ပြောဆိုကြောင်း ဗဟိုလမ်း၊ ခေမာသီရိရပ်ကွက်၊ စမ်းချောင်းမြို့နယ်ရှိ KBZ ဘဏ်တွင် ငွေ ထုတ်ခဲ့သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

“KBZ ဘဏ်ဝန်ထမ်းတွေပြောတာက သိန်း ၂၀ တစ်ပတ်ကို။ Special Account ဆိုရင်တော့ မန်နေဂျာနဲ့ ဝင်တွေ့ပြီး မေတ္တာရပ်ခံရင် သိန်း ၅၀ အထိ ရနိုင်တယ်ပြောတယ်။ ငွေလာထုတ်ကြတာအရမ်းများတယ်။ သိန်းရာချီ လာထုတ်တဲ့သူ တွေလည်း မပေးပါဘူး” ဟု အဆိုပါ ငွေထုတ်သူက ဆိုသည်။

မြိတ်မြို့ CB ဘဏ်တွင် ငွေသွားရောက်ထုတ်ယူခဲ့သူတစ်ဦးက ကုမ္ပဏီဘဏ်စာရင်းဆိုလျှင် ငွေကျပ် သိန်း ၅၀ သာပေးပြီး လူပုဂ္ဂိုလ် Special Account အတွက်‌ ငွေကျပ် ၁၀ သိန်းသာပေးကြောင်း၊ တစ်ပတ်လျှင် ထိုသို့ ငွေကြေး ကန့်သတ်ထုတ်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ တနင်္လာနေ့တွင် ရန်ကုန်ရှိ KBZ ၊ ဧရာ၀တီ၊ AGDB ၊ CB ၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် အပါအဝင် ပုဂ္ဂလိဘဏ်များတွင် ငွေလာရောက်ထုတ်ယူသူများ ကြိတ်ကြိတ်တိုးနေကြကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေသားအများအပြားထုတ်ယူ ပါက စစ်တပ်က အနီးကပ်စောင့်ကြည့်မည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က မြန်မာ့ ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူများကို ခြိမ်းခြောက်ပြောဆိုသည်။

ကျပ်သိန်း ၁၀၀ နှင့် အထက် ငွေထုတ်ယူသူများကို စောင့်ကြည့်နေပြီး ငွေကြေး ကျပ် သန်း ၁၀၀ ထက်ကျော်လွန်ပြီး ထုတ်ယူသည့် ပမာဏ အားလုံးကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့(FIU)ထံပေးပို့ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန် ငွေထုတ်များနေသည့်သူ အားလုံးကိုလည်း ဗဟိုဘဏ်၊ စသုံးလုံး၊ FIU တို့ကစောင့်ကြည့်နေကြောင်း ပြောဆိုသည်။

“ ဘဏ်တွေမှာ ငွေကြေးခဝါချမှုဗဟိုအဖွဲ့ က သတ်မှတ်ထားတဲ့ ငွေကြေး ကျပ် သန်း ၁၀၀ ထက်ကျော်လွန်ပြီး ထုတ်ယူတဲ့ ပမာဏ အားလုံးကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့(FIU)ထံပေးပို့ရတယ်။ အခုငွေထုတ်များနေတဲ့သူ တွေ အားလုံးကို ဗဟိုဘဏ်၊ စသုံးလုံး၊ FIU တို့က အနီးကပ်ကြီးကြပ် စောင့်ကြည့်နေတာ ဖြစ်တဲ့ အတွက် ဈေးကစားမှုများမှာ ပါဝင်ပတ်သက်နေရင် ထိရောက်စွာ အရေးယူသွားမှာဖြစ်ပါတယ်။” ဟု စစ်ကောင်စီ ဗဟိုဘဏ်ဒုဥက္ကဌ ဒေါက်တာလင်းအောင်က ဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *