ရန်ကုန်အပါအဝင် မြို့များမှာ လူတွေ ဆက်တိုက် ပျောက်နေ

ရန်ကုန်မြို့တွင် စစ်တပ်က ညပိုင်း လူငယ်များကို ဖမ်းဆီး၍ ငွေညှစ်မှုများ ဆက်တိုက်ဖြစ်ပွားသည့်အပြင် လူငယ်များ ပျောက်ဆုံးမှု များပြားလာ

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်နှင့်ရဲများက ညပိုင်း လူငယ်များကို အစစ်အဆေး အမေးအမြန်းမရှိ ဖမ်းဆီးခေါ်ဆောင်သွားမှုများ၊ ငွေညှစ်မှုများ များပြားနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ဒဂုံမြို့သစ်တောင်ပိုင်း စစ်မှုဇုန်တွင် လူငယ်များကို စစ်တပ်က မှတ်ပုံတင်စစ်ဆေးမှုများ၊ ပစ္စည်းများ ရှာဖွေမှုများ လုပ်ဆောင်ပြီး မသင်္ကာမှုဖြင့်ဆိုကာ လူငယ်တချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စက်မှုဇုန်မှ စက်ရုံမန်နေဂျာတစ်ဦးက ပြောဆိုသည်။

“အဆောင်တွေကို မနက်အစော ဝင်စစ်တာ။ ဘယ်အဖွဲ့တွေလဲမသိဘူး။ အရပ်ဝတ်တွေနဲ့။ မှတ်ပုံတင်စစ်တယ်။ ဧည့်စာရင်းစစ်တယ်။ တချို့ကိုတော့ စခန်းခေါ်သွားတယ်” ဟု တောင်ဒဂုံ၊ စက်မှုဇုန်မှ စက်ရုံမန်နေဂျာတစ်ဦးက ပြောဆိုသည်။

သာကေတမြို့နယ်တွင် ယမန်နေ့ညပိုင်း လူငယ်တချို့ကို စစ်ဆေးရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားမှုများရှိကြောင်း သိရှိရသည်။

“ကျွန်မတို့ မျက်စိ ရှေ့တင် ကောင်လေး ၃ယောက်ကို မင်းတို့ကောင်တွေလာခဲ့ဆိုပြီး ဖမ်းခေါ်သွားတာ။ ၉ နာရီလောက်တော့ရှိပြီ “ဟု သာကေတ မြို့နယ်နေ ပြည်သူတစ်ဦးမှ ပြောကြားသည်။

ရန်ကုန်မြို့တွင် ညမထွက်ရအမိန့်ထုတ်ထားခြင်းဖြစ်သော်လည်း အကြမ်းဖက်စစ်တပ်က ည ၈ နာရီ ဝန်းကျင်ခန့်မှ စ၍ အမျိုးသား လူငယ်များကို စစ်ဆေးမှုများ ဆက်တိုက် လုပ်ဆောင်လာကြောင်း၊ တချို့ကို ငွေညှစ်၍ ပြန်လွှတ်ပေးခြင်းများလည်း ရှိကြောင်း သိရှိရသည်။

“မြောက်ဥက္ကလာလမ်းဆုံဘက်မှာ ညပိုင်း လာသမျှလူငယ်လေးတွေအကုန် အစစ်ဆေးအမေးမြန်းမရှိခေါ်သွားတာ ။ ခန့်မှန်းခြေ ၁၀ ယောက်ကျော်လောက်ရှိမယ်။ ငွေတောင်းပြီး ပြန်လွှတ်တယ်ပြောတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူ တစ်ဦးမှ ပြောပြသည်။

အကြမ်းဖက်စစ်တပ်က လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ငွေကျပ် ၂ သိန်းမှ ၅ သိန်းထိ ငွေညှစ်တောင်းခံမှုများရှိကြောင်း၊ မသင်္ကာမှုဖြင့် စစ်ကြောရေး ပို့ဆောင်ခံရသည့် လူငယ်တချို့လည်းရှိကြောင်း သိရှိရသည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ် တစ်ရပ်ကွက်လျှင် လူငယ် ၂၀ ယောက်နှုန်း အကြမ်းဖက်စစ်တပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ တောင်းခံနေကြောင်း၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန်အတွက် ထိုသို့ လူငယ်အင်အား တောင်းခံနေခြင်းဖြစ်ပြီး မပေးလိုပါက ငွေကြေးထည့်ဝင်ကြရန် ကောက်ခံမှုများရှိနေကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူများက ပြောသည်။

ထို့ပြင် ယခုရက်ပိုင်း လူမှုကွန်ရက်များတွင် လူငယ် အမျိုးသားများ ပျောက်ဆုံးမှုများ အများအပြားရှိနေပြီး လူပျောက်ကြော်ငြာ များ ဆက်တိုက် တွေ့မြင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်ပေါ်မှ လူငယ်များ ပျောက်ဆုံးနေသည့် ကြော်ငြာများ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *