ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် နယ်မြေစိုးမိုးရေး၊ လုံခြုံရေး တိုးမြှင့်ရေး၊ စစ်တပ်ပိုင် Mytel နှင့် MPT ကွန်ရက်များ တိုးချဲ့ရန်၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ် ငန်းများ အရှိန်မြှင့်ရန် မင်းအောင်လှိုင် ညွှန်ကြား

အကြမ်းဖက် မင်းအောင်လှိုင်က ရှမ်းပြည်နယ်၊ အရှေ့ပိုင်းတွင် ဖွံ့ဖြိုးရေး အကြောင်းပြပြီး စစ်တပ်ပိုင် Mytel နှင့် MPT ကွန်ရက်များ တိုးချဲ့ရန်နှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းများ အရှိန်မြှင့်ရန်၊ လုံခြုံရေးတိုးမြှင့်ရေး မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း အရပ်ဘက် ဌာနဆိုင်ရာ ဝန်ထမ်းများထံမှ သိရှိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မက်မန်းဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် အမှတ် ၁၀၁၀ နယ်ခြားစောင့်တပ်မှူး၊ ရပ်မိရပ်ဖများ၊ ဒေသခံများက တင်ပြသဖြင့် အကြမ်းဖက်မင်းအောင်လှိုင်က ဆက်သွယ်ရေး ကွန်ရက်များ တိုးချဲ့ရန်နှင့် ရေအားလျှပ်စစ်ရရှိရေး ဦးစားပေးဆောင် ရွက်ရန်နှင့် လုံခြုံရေး အင်အားတိုးမြှင့်ရန် ညွှန်ကြားကြောင်း သိရှိရသည်။

“Mytel ကွန်ရက်တွေကို မဖြစ်မနေ တိုးချဲ့ခိုင်းတယ်။ အဓိကတော့ ဖွံ့ဖြိုးရေးဆိုပြီး နယ်မြေစိုးမိုးရေး အတွက် လုပ်ခိုင်းတာ။ တောင်ကုန်းတွေရှိတယ်။ အဲဒီတောင်ကုန်းတွေပေါ်မှာ တာဝါတိုင် ထူမယ်။ အဲဒီအတွက် နယ်မြေရှင်းလင်းရေးအတွက် တပ်တွေ တပ်စွဲဖို့ စီမံနေတာတွေရှိတယ်။ ပွိုင့် ၁၇၆၁ လွယ်ပါတောင်နဲ့ ပွိုင့် ၁၈၈၆ လွယ်ဖွေးတောင်တွေ။ အဲဒီတောင်တွေမှာ တပ်က တပ်စွဲဖို့နဲ့ နယ်မြေရှင်းလင်းဖို့ လုပ်မှာတွေရှိတယ်” ဟုသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က မြို့များ စခန်းများ သိမ်းပိုက်နေချိန်တွင် စစ်တပ်က ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် နယ်မြေစိုးမိုးရေး ရရှိရေး ပိုမိုလုပ်ဆောင်လာပြီး ပြည်သူ့စစ်များကိုလည်း တိုးချဲ့ဖွဲ့စည်းနေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *