ကြင်စိုးတို့ မူးနေတုံး တီးခံရလို့ မှောက်ကုန်ပြီ

ထားဝယ်က ရှင်ဓာတ်ဝဲဘုရားအနီး အရက်မူးနေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရ

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာက ရှင်ဓာတ်ဝဲဘုရားအနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့မွန်းလွှဲ ၂ နာရီခွဲလောက်မှာ ဘုရားနဘေးက ဘောလုံးကွင်းထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်ပစ်ခတ်ခဲ့တာပါ။

“လူတွေကိုအရက်ဝယ်ခိုင်းပြီးသောက်ထားကြတာ။ အကုန်မူးနေကြတာလေ။ ပစ်ခံရပြီးမှောက်သွားတာတွေရှိတယ်” လို့ပြည်သူ့ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အလစ်ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိတယ်လို့ ​ဒေသခံကဆိုပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ညနေ ၄ နာရီလောက်မှာတော့ ဇဟာရွာအခြေစိုက်စစ်ကောင်စီတပ်ရင်းကနေ ပစ်ခတ်ခံရတဲ့နေရာကို စစ်ကူတွေတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်မယ်ရှောင်ရွာမှာရှိတဲ့ ရှင်ဓာတ်ဝဲဘုရားဟာ ထားဝယ်ဒေသမှာထင်ရှားတဲ့ ရှေးဟောင်းသမိုင်းဝင် ရှင်ကိုးရှင် ဘုရားတစ်ဆူဖြစ်ပါတယ်။

အခုလ ၁၅ ရက်နေ့ကလည်း ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ ယာဥ်ထိန်းရဲတွေပစ်ခတ်ခံခဲ့ရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *