“ပျော့နေလို့ပါ” ၊ “မကြမ်းသေးလို့ပါ” ဆိုသော ပျားရည်နှင့် ဝမ်းချနေရပြီဖြစ်သည့် မင်းအောင်လှိုင်နှင့် စစ်တပ်၏ အရှုံးများ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် နိုင်ငံတစ်ဝန်း စစ်စခန်းပေါင်း ၂၀၀ ကျော်ဆုံးရှုံးပြီး မြို့ ၉ မြို့ လက်လွှတ်လိုက်ရသည့် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် စွမ်းဆောင်ရည်မရှိသော စစ်တပ်အဖြစ် ကမ္ဘာ့မီဒီယာအသိုင်းအဝိုင်းက ရေးသားမှတ်ချက်ပြုနေကြပြီ ဖြစ်သည်။

ကမ္ဘာပေါ်တွင် အဆင့် ၃၈ ရှိသည်ဟု သတ်မှတ်ခံထားရသော မြန်မာအကြမ်း ဖက်စစ်တပ်သည် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ စစ်သားများ အစုလိုက်အပြုံလိုက် သေဆုံးနေပုံများ၊ တပ်ရင်းအလိုက် လက်နက်ချ အညံ့ခံနေရပုံများ၊ အတွဲလိုက်ဒုံးဟု ခေါ်ဆိုသည့် Multiple Launch Rocket System တင်ကားများ အသိမ်းပိုက်ခံရပုံများ၊ တင့်ကားနှင့် သံချပ်ကာကားများကို လူငယ် တော်လှန်ရေးရဲဘော်များက မောင်းနှင်နေပုံများ၊ တောင်ပုံယာပုံဖြစ် နေသည့် လက်နက်ခဲယမ်းများ စသည့် ဓာတ်ပုံများက မင်းအောင်လှိုင် စစ်တပ်၏ ကြီးမားစွာသော အဆုံးအရှုံးကို သက်သေပြနေသည်။

နှစ်ပေါင်း ၇၀ ကျော်ကြာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက စုစည်း၍ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ကြပြီးနောက် အညာဒေသမှ ဗမာလူငယ်များ ကိုယ်တိုင် ရရာလက်နက်စွဲကိုင်၍ တော်လှန်လာသည့် ယနေ့အချိန်အခါသည် မြန်မာစစ်တပ်အနေဖြင့် နိဂုံးလမ်းဆုံးတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်တပ်၏ ကြီးမားသော ဆုံးရှုံးမှုများက သက်သေခံနေပြီဖြစ်သည်။

အာဏာရှင် စစ်ဗိုလ်ချုပ် နေဝင်း စစ်အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်နောက် ပိုင်း မကြားဖူးသော စစ်တပ်၏ အရှုံးများကို ယနေ့မှ မျက်ဝါးထင်ထင် တွေ့မြင်ရခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လမ်းမများပေါ်တွင် လက်နက်မဲ့ ပြည်သူများကို “သေရဲတဲ့ကောင် ထွက်ခဲ့” ဟု စိန်ခေါ် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သော မြန်မာစစ်တပ်မှ စစ်သားများမှာ ယခုအခါ သေဆုံးမည်ကို ကြောက်ရွံ့၍ ၎င်းတို့ကိုယ်တိုင် ရှေ့တန်း စစ်မျက်နှာပြင်နှင့် စစ်တပ်မှ စွန့်ခွာ ထွက်ပြေးနေကြရပြီ ဖြစ်သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် လမ်းမထက်မှ ပြည်သူများကို အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့သော စစ် သားများမှာ ယခုအခါ ရှေ့တန်း စစ်မျက်နှာများတွင် အစုလိုက်အပြုံလိုက် သေဆုံးနေရပြီဖြစ်သည်။

“၀ဋ်ကြွေး” ဆိုသည်ကို မြန်မာစစ်တပ်မှ စစ်သားများကိုယ်တိုင် နောင်ဘ၀ပင် မကူးတော့ဘဲ ယခုဘ၀တွင်ပင် သိရှိခံစားနေရ ကြရပြီဖြစ်သည်။

ယခင်က စစ်ဗိုလ်၊ စစ်အရာရှိ၊ ရဲအရာရှိ ဆိုလျှင် ယူနီဖောင်း ကျော့နေအောင်ဝတ်၍ လူ့အသိုင်းအ၀ိုင်း ခန့်ခန့်ငြားငြား မော်ကြွားနိုင်ခဲ့ကြသော်လည်း ယခုမူ စစ်သား၊ ရဲသားမှန် လူသိမည်ကို စိုးရိမ်၍ ယူနီဖောင်းဖွက်ပြီး သာမန်ဝတ်စုံဖြင့် အရပ်သားအယောင် ဆောင်နေကြရသည်။ စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့၏ မိသားစုဝင်များမှာ လုပ်ငန်းခွင်နှင့် လူမှုအသိုင်းအ၀ိုင်းတွင် လူသိမခံဝံ့တော့ဘဲ ပုန်းလျှိုး ကွယ်လျှိုးနေထိုင်ကြရသည်။

ပြည်သူပေါင်း ၄၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး သောင်းနှင့်ချီသော ပြည်သူများကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် မြန်မာ အကြမ်းဖက်စစ်တပ်၏ အရှုံးများက ပြည်သူလူထုကို အားတက်စေခဲ့သည်။ စစ်တပ်အရေးနိမ့်သော သတင်းများနှင့် လူမှုကွန်ရက်ပို့စ်များ၏ အောက်တွင် ပြည်သူလူထုက ဝမ်းမြောက်ပျော်ရွှင်ကြသည်။

အစုလိုက်အပြုံလိုက်‌ သေဆုံးနေသော စစ်သားအလောင်းများ၏ ဓာတ်ပုံများအောက်တွင် အားရ ဝမ်းသာရှိကြသော ပြည်သူများ၏ မှတ်ချက်များက စစ်တပ်နှင့် စစ်သားများကို မည်မျှ လူထုက မုန်းတီးရွံ့ရှာခဲ့ပြီကို သက်သေပြနေသည်။

အကြမ်းဖက် မြန်မာစစ်တပ်သည် တိုက်လေယာဉ်၊ ရေငုပ်သင်္ဘော၊ တင့်ကား၊ သံချပ်ကာကား စသည်ဖြင့် ခေတ်မီ စစ်လက်နက်ပစ္စည်းများကို ပိုင်ဆိုင်ထားသော်လည်း ယနေ့ ကြုံတွေ့နေရသည့် အရှုံးမှာ ပြည်သူလူထု၏ ထောက်ခံမှု မရှိတော့ခြင်းနှင့် လူထု၏ မုန်းတီးမှုကို ခံနေရခြင်းကြောင့်ဖြစ်သည်။ အကြမ်းဖက်စစ်တပ်မှ စစ်သားများကိုယ်တိုင် တိုင်းပြည်နှင့် လူထုကို ကာကွယ်ပါမည်ဟု သစ္စာဆိုခဲ့သော်လည်း ယခုမူ မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင် မိသားစုများ ကို ကာကွယ်နေရသည်ကို တချို့သော စစ်သားများက သိမြင် နားလည်လာ ကြသည်။

တိုင်းပြည်နှင့် လူမျိုးအတွက်မဟုတ်ဘဲ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်မိသားစုများ ကြွယ်၀ချမ်းသာရေး အောက်ခြေစစ်သားများက အသက်ပေး တိုက်ပွဲဝင်နေရသည်ကို သိရှိသွားကြသည့် အမြင်ရရှိသွားသော စစ်တပ်၊ တပ်ရင်းတပ်ဖွဲ့များမှာ တပ်ရင်းအလိုက် ကိုးကန့်ဒေသတွင် လက်နက်ချ အလင်း ဝင်ကြသည်။

ဥပမာအားဖြင့်- နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည် နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခလရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြသည်။

သို့ရာတွင် စစ်တပ်ထောက်ခံသူများကမူ မင်းအောင်လှိုင်သည် ပျော့လွန်းနေ၍ လက်ရှိ အခြေအနေကြုံနေရသည်၊ မကြမ်းသေး၍ လက်ရှိ စစ်တပ်က အရှုံးများ ရင်ဆိုင်နေရသည်ဟု လည်းကောင်း ၎င်းတို့၏ ခေါင်းဆောင်ကို အပြစ်ဖို့ကာ စစ်တပ် ညံ့ဖျင်းမှုကို ကာကွယ်နေကြသည်။

အမှန်တကယ် လက်တွေ့တွင် မင်းအောင်လှိုင်နှင့် စစ်တပ်သည် ၃ နှစ်တာကာလအတွင်း အလွန်ကြမ်းခဲ့သည်၊ အလွန် ရမ်းခဲ့သည်၊ အလွန်ရက်စက်ခဲ့ပြီးပြီဖြစ်သည်။ သို့သော်လည်း ပြည်သူလူထု၏ ထောက်ခံမှု မရှိသောအခါ အချိန်ကြာ လာသည်နှင့်အမျှ အရှုံးကို ရင်ဆိုင်လာရခြင်းဖြစ်သည်။ မည်မျှပင် ခေတ်မီ လက်နက်များ သုံးစေကာမူ ပြည်သူ၏ မုန်းတီးနာကြဉ်းမှုတို့က လျှော့မသွားဘဲ အပြစ်မဲ့ ပြည်သူများ သေဆုံးလေလေ မင်းအောင်လှိုင်နှင့် စစ်တပ်အပေါ် ရွံ့ရှာမှုက တိုးလာလေလေ ဖြစ်သည်။

မင်းအောင်လှိုင်နှင့်စစ်တပ် လိုချင်နေသည့် “အကြောက်တရားဖြင့် ပြည်သူလူထုကို ငြိမ်သက်သွားစေလိုသော ဆန္ဒက တော်လှန်ရေးကာလ ၃ နှစ်ကြာလာချိန်တွင် လုံး၀ မဖြစ်နိုင်တော့သည်မှာ အသေအချာပင်ဖြစ်သည်။ စစ်တပ်က လို လားနေသော ပြည်သူလူထု၏ အကြောက်တရားအစား မင်းအောင်လှိုင်နှင့် အကြမ်း ဖက်စစ်တပ်က ရရှိနေသည်က ရှုံးနိမ့်မှုပင်ဖြစ်သည်။

မြန်မာစစ်တပ်၏ စစ်တက္ကသိုလ်များနှင့် တပ်ရင်းများတွင် အမြဲဖော်ပြ သင် ကြား ပြောဆို သုံးနှုန်းလေ့ရှိသော ကဗျာ၊ စာချိုးစာသားမှာ လက်တွေ့ အမှန်တကယ်ပင်ဖြစ်လာနေသည်။

“စစ်နည်းဗျုဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်
ပြည်သူ့အင်အား မလေးစားလျှင်
ဓါးသွားလည်းကြွေ လှံလည်းခွေအံ့။” ဆိုသော စာချိုးအတိုင်း များမကြာမီ မြန်မာစစ်တပ်၏ အဆုံးသတ် နိဂုံး အရှုံးကို တွေ့မြင်ရတော့မည်မှာ လုံး၀ အသေ အချာပင်ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *