ညနက်လို့ မိသားစု အိပ်မောကျနေချိန် ကျယ်လောင်တဲ့ အသံတစ်ခု ကြားရပြီးနောက် သမီးဖြစ်သူက မိခင်ကို မား (အမေ) မား (အမေ)ဆိုပြီး နှစ်ခါသာ ခေါ်ပြီးတော့ နေရာမှာတင် သေဆုံးသွားပါတယ်။
အသက် ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသူ လွေးခင်မာလွင်ခေါ် မြသန္တာလင်းတစ်ယောက် မိခင်၊ ညီမလေးနဲ့အတူ နေအိမ်ရဲ့ ဘုရားစင်ဘေး အိပ်နေချိန် စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက နေအိမ်ဘေး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
တိုက်ပွဲ လုံးဝ မဖြစ်ပွားတဲ့ တအာင်းဒေသ နမ့်ဆန်မြို့နယ် အုမ်းစွမ်ရွာဘက်ကို နမ့်ဆန်မြို့ရှိ စစ်တပ်က မနေ့ နိုဝင်ဘာ ၂၀ ရက် ည ၁၁ နာရီခွဲကျော်မှာ လက်နက်ကြီး တစ်ဖက်သတ် ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။
နေအိမ်ဘေး ကျရောက်တဲ့ လက်နက်ကြီးရဲ့ လက်နက်အစတွေဟာ အိမ်ပတ်ဝန်းကျင်နဲ့ အိမ်အတွင်း လွှင့်စင်လာတာကြောင့် လွေးခင်မာလွင်ရဲ့ ရင်ဘတ်တည့်တည့်ကို ထိမှန်သေဆုံးစေခဲ့ပြီး အိမ်ထဲ အတူရှိနေတဲ့ မိခင်က ကျောကုန်း၊ အစ်ကိုဖြစ်သူက ညာဘက် လက်၊ ဖခင်က ဘယ်ဘက် နဖူးမှာ ဒဏ်ရာရရှိခဲ့ပါတယ်။
လွေးခင်မာလွင်ရဲ့ နေအိမ်ဘေးက အိမ်တစ်အိမ်မှှ ကလေးငယ် (အမျိုးသမီး)ရဲ့ ညာဘက်နဖူးမှာလည်း လက်နက်စ ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ဒဏ်ရာရသူတွေဟာ မစိုးရိမ်ရပါဘူး။
လွေးခင်မာလွင်ရဲ့ဖခင် တာထွန်းလှက “ရွာထဲ လက်နက်ကြီး မကျခင် လက်နက်ကြီးသံ ကြားကတည်းက ကျနော်က ဗုံးခိုကျင်းဘက် ဆင်းလိုက်တာ။ အဲဒါ ခဏလေးအတွင်း ၂ မိနစ် ၃ မိနစ်မှာဘဲ အခုလို ဖြစ်သွားတာ။ လက်နက်ကြီး ကျတဲ့အချိန် ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး” ဆိုပြီး မနေ့ညကဖြစ်စဥ်ကို ကျလုဆဲ မျက်ရည်ကိုထိန်းရင်း ပြန်ပြောပြပါတယ်။
နုိဝင်ဘာ ၁၉ ရက် ည ၁၁ နာရီေကျာ်က နမ့်ဆန်မြို့နယ် မြို့သစ်ရွာထဲ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေကြောင်းကနေ တစ်ဖက်သတ် ဗုံးကြဲပြီးနောက် အုမ်းစွမ်ရွာခံတချို့က ဗုံးခိုကျင်း စတူးခဲ့ကြတာပါ။ ဗုံးခိုကျင်း တူးကြတဲ့အထဲမှာ လွေးခင်မာလွင်ရဲ့ မိသားစုလည်း ပါဝင်ပါတယ်။
ဗုံးခိုကျင်းကို မနေ့က စတူးခဲ့ပြီး လွေးခင်မာလွင်က ဖခင်နဲ့အတူ ဗုံးခိုကျင်း ကူညီတူးပေးနေတာပါ။ တူးလို့မပြီးခင်မှာဘဲ အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာပါ။
“သမီးက ကျနော်နဲ့အတူ ဗုံးခိုကျင်း တူးကူပေးနေတာ။ အဲထဲ နေတောင် မနေလိုက်ရဘူး။ သမီးက ဆုံးသွားပြီ” လို့ ဖခင်ဖြစ်သူက တုန်ရီနေတဲ့အသံနဲ့ ဆက်ပြောပါတယ်။
မိဘစကား နားထောင်ပြီး မိဘကို တတ်နိုင်သလောက် ကူညီပေးနေတဲ့ သမီးတစ်ယောက် ဆုံးရှုံးရခြင်းဟာ အနာကျင်ရဆုံးလို့ ဆိုပါတယ်။
မိဘစကား နားထောင်သူတင်မဟုတ်ဘဲ ကျောင်းမှာလည်း ဆရာ ဆရာမတွေရဲ့စကား နားေထာင်ပြီး စာတော်သူတစ်ယောက် ဖြစ်ပါတယ်။ အတန်းဖော်တွေနဲ့လည်း ချစ်ချစ်ခင်ခင် ပေါင်းသင်းနေထိုင်သူဖြစ်တယ်လို့ အတန်းပိုင်ဆရာမက ပြောပါတယ်။
သူမဟာ ကျေးရွာမှာ တအာင်းအမျိုးသား ပညာရေးကော်မတီ- TNEC က ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းမှာ ၆ တန်း တက်ရောက်နေသူ ဖြစ်ပါတယ်။
အရင်နှစ် ၅ တန်းမှာလည်း ပထမဆု ရရှိခဲ့ပြီး ဒီနှစ်ဖြေဆိုပြီးတဲ့ နှစ်ချုပ်စာမေးပွဲမှာ ပထမဆု ရရှိထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ စုံညီပွဲတော်မှာပေးမယ့့် ဒီပထမဆုကိုတော့ သူမကိုယ်တိုင် ယူနိုင်တော့မှာ မဟုတ်ပါဘူး။
လွေးခင်မာလွင်ရဲ့ အတန်းပိုင်ဆရာမက “သူက လိမ္မာပြီး ထူးချွန်တဲ့ကလေးပါ။ စည်းကမ်းလည်း လိုက်နာတယ်။ သူ့အတန်းဖော်နဲ့လည်း ဖော်ရွေတဲ့ကလေးပါ” လို့ ပြောပါတယ်။
“တော်တော်လေး ဝမ်းနည်းတယ်။ သူကြိုးစားထားတာအတွက် ဆုလည်း မယူလိုက်ရဘူး။ ဒီလိုအဖြစ်ဆိုးတွေ တခြားကလေးတွေကို ထပ်မကြုံစေချင်တော့ဘူး” ဆိုပြီး သူမက ဆက်ပြောပါတယ်။
အတန်းတူပြီး အရင်းနှီးဆုံးဖြစ်တဲ့ အိမ်အောက်က သူငယ်ချင်းတစ်ယောက်ကို လွေးခင်မာလွင်က အခုလို အခြေအနေနဲ့ ကြုံနိုင်တဲ့ နမိတ်ပြစကား မနေ့က ပြောခဲ့ကြောင်း အတန်းပိုင်ဆရာမက ပြန်ပြောပြပါတယ်။
“မနေ့ စာသင်ကျောင်းမှာ ကထိန်လှူကြတော့ သူ့သူငယ်ချင်းက သွားမလို့။ အဲဒါသူကတားပြီး မသွားနဲ့ နင်သွားလို့ ငါတစ်ခုခုဖြစ်ရင် မမြင်ရတော့ဘူးတဲ့ အဲဒါနဲ့ သူ့သူငယ်ချင်းက မနေ့ သူနဲ့တစ်နေကုန် နေပေးလိုက်တာ”
သူမဟာ စက်ချုပ်တာနဲ့ ဆရာဝန်လုပ်ဖို့ စိတ်အားထက်သန်သူတစ်ယောက် ဖြစ်တယ်လို့ မိဘနဲ့ အတန်းပိုင်ဆရာမက ပြောပါတယ်။
အလောင်းကို ဒီနေ့မှာပဲ ကျေးရွာဓလေ့ထုံးတမ်းအရ သဂြိုလ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီရွာမှာ အခုလိုအဖြစ်မျိုး မကြုံဖူးတာကြောင့် ရွာခံအများစုက ထိတ်လန့်နေကြပြီး အခုလို အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာထဲ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်လာတာကို ပြစ်တင်ရှုတ်ချနေကြပါတယ်။
အခုလို အခြေအနေကို လွေးခင်မာလွင်ဘဲ ကြုံခဲ့ရတာတော့ မဟုတ်ပါဘူး။ နိုဝင်ဘာ ၁၉ ရက်က လေကြောင်းနဲ့ ဗုံးကြဲခံရတဲ့ မြို့သစ်ရွာမှာကလည်း ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပြီးတော့ နေအိမ် ၂ လုံး မီးလောင်ကာ ၂၃ လုံး ပျက်စီးခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီနေ့အထိ ၂၆ ရက်အတွင်း ရှမ်းမြောက်မှာ စစ်တပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၀ ဦးအပါအဝင် အရပ်သား ၅၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။
Leave a Reply