ရုရှားရုပ်ရှင်မင်းသမီးနဲ့ ဒါရိုက်တာ ပိုလီနာ မန်ရှီဟာ ဒိုးနက်စ်ဒေသက ရုရှားစစ်တပ်ကို သွားရောက်ဖြော်ဖြေအားပေးရင်း ယူကရိန်းဟိုင်းမားစ်ထိမှန်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့က သေဆုံးသွားကြောင်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
အသက် ၄၀ အရွယ် မင်းသမီး ပိုလီနာဟာ တခြားရုပ်ရှင် ဂီတပညာရှင်တွေနဲ့အတူ ရုရှားလက်နက်ကြီးတပ်ဖွဲ့များနေ့ သူရဲကောင်းဆုပေးပွဲအခမ်းအနားကို သွားရောက်ဖြော်ဖြေခဲ့တာလို့ ဆိုပါတယ်။ ဆုပေးပွဲအခမ်းအနားကို ရုရှား မရိန်းအထူးတပ်ဖွဲ့အခြေစိုက်ရာ စတာရိုဘက်ရှ် အထက်တန်းကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ပိုလီနာ သီချင်းဆိုဖြော်ဖြေနေချိန်မှာပဲ ယူကရိန်းက ပစ်ခတ်တဲ့ ဟိုင်းမားစ်ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။
ဒုံးကျည်တစ်စင်းက ဖြော်ဖြေပွဲကျင်းပနေတဲ့ ကျောင်းပြဇာတ်ရုံကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ကျန်ဒုံးကျည် တစ်စင်းကတော့ ပြဇာတ်ရုံဘေးက ကားတွေကို ထိမှန်ခဲ့တာလို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် မင်းသမီးပိုလီနာနဲ့အတူ ဂီတပညာရှင်တချို့နဲ့ မရိန်းတပ်သားအနည်းဆုံး ၃၀ နေရာမှာတင် သေဆုံးခဲ့ရ တယ်လို့လည်း စစ်တပ်လူမှုကွန်ယက်သတင်းတွေကို အခြေခံပြီး ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာ မရှိဘူးဆိုပါတယ်။ မင်းသမီးပိုလီနာရဲ့ ဆွေမျိုးတွေ အနုပညာအသိုင်းအဝိုင်းတွေနဲ့ စစ်တပ်လူမှုကွန်ယက်တွေက ဓါတ်ပုံ ဗီဒီယိုကလစ်တွေနဲ့ ဖော်ပြမှ သိရတာလို့လည်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
Leave a Reply