မနက်ကတည်းက သိမ်းပြီးနေတဲ့စခန်းကိစ္စ နေဖျင်ထိုးမှ ဌာနချုပ်ကသိ

တီးတိန်၊ ကနေဒီတောင်ရှိ စစ်တပ် စခန်းကို PDF-Zoland က နံနက် အစောပိုင်း တိုက်ခိုက်သိမ်းပိုက်မှု နမခ တိုင်းစစ်ဌာနချုပ်က မွန်းတည့်ချိန်ရောက်မှ သိရှိ၊ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးထက်မနည်း အရှင်ဖမ်းမိ

ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးဖမ်းမိ၊ လက်နက် ၂၄ လက်ရဟု PDF Zoland ပြော

▪️Non CDMများနှင့် စစ်သား၊ ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံရန် သတိပေး

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ဗိုလ်မှူးတစ်ဦး အပါအဝင် ၁၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်-ဇိုလဲန်း(PDF-Zoland) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကနေဒီတောင် စစ်ကောင်စီတပ်စခန်းကို PDF Zoland တပ်ဖွဲ့များက ယနေ့ (နိုဝင်ဘာ ၂၁ရက်) နံနက်တွင် တိုက်ခိုက်ခဲ့ရာ ၂ နာရီအကြာတွင် စခန်းကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ ကျန်သူများထွက်ပြေး၍ လိုက်လံဖမ်းဆီးရာ ညနေပိုင်း၌ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးကို ထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း PDF Zoland ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

“ဗိုလ်မှူး အပါအဝင် အားလုံး ၁၂ကောင် အရှင်ရတယ်။ တစ်ကောင်သေ။စုစုပေါင်း သုံးကောင်သေ၊ အရှင်ဖမ်းမိတာ ၁၃‌ ကောင်။ ရန်သူ့လက်နက် ၆၀ မမ အပါအဝင် သေနတ် ၂၄လက် ၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းများ ၊ ကျည်ဆံအမြောက်အများ သိမ်းပိုက်ရရှိ”ဟု PDF Zoland ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

ယနေ့ စခန်းသိမ်းတိုက်ပွဲအတွင်း PDF -Zoland ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်းလည်း အသိပေးထားသည်။

ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland) အနေဖြင့် ဌာနဆိုင်ရာ Non CDMများ CDM ဝင်ရန်၊ စစ်သားနှင့် ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံရန် ဖိတ်ခေါ်ထားပြီး ယခုကဲ့သို့ဖိတ်ခေါ်သည့်ကာလ၌လာရောက်ခိုလှုံရန် PDF – Zoland ပြောရေးဆိုခွင့်ရှိသူက သတိပေးသည်။

“မဟုတ်ရင် စခန်းသိမ်း မြို့သိမ်း တိုက်ပွဲတွေလာတဲ့အချိန်မှာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လာတော့မှာပဲဖြစ်ပါတယ်”ဟု PDF – Zoland ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ပြည်သူများ အနေဖြင့်လည်း စစ်ကောင်စီတပ်များစခန်းချထားသည့် နေရာများ၌ သတိထားသွားလာရန် PDF-Zoland တာဝန်ရှိသူက ပန်ကြားသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ စစ်ကောင်စီ၏ တပ်စခန်းကို PDF – Zoland က နံနက်အစောပိုင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က ၅ နာရီကျော်အကြာ မွန်းတည့်ချိန်ရောက်မှသာ သိရှိကြောင်း စစ်တပ်သတင်းရင်းမြစ်ကပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို PDF-Zoland က သွားရောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီခန့်တွင် စစ်တပ် စခန်းကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲစတင်ဖြစ်ပွားချိန်တွင် စခန်း ဝင်ရောက်တိုက်ခိုက်ခံရကြောင်း သတင်းပေးပို့ချက်ရရှိကြောင်း၊ ယင်းနောက် နံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် အဆက် အသွယ်များ လုံး၀ ပြတ်တောက်သွားကြောင်း၊ ထို့နောက် ယမန်နေ့ နံနက် ၁၁ နာရီ ကျော်အချိန် မွန်းတည့်ချိန်ရောက်ခါနီးမှသာလျှင် စစ်တပ်စခန်း သိမ်းပိုက်ခံလိုက်ရသည်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းမှူးက သိရှိခြင်းဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်ကဆိုသည်။

“မနက်အစောပိုင်းမှာ စခန်း ဝင်တိုက်ခံရတယ်လို့ သတင်းပေးပို့မှုရတယ်။ တစ်လျှောက်လုံး ဆက်သွယ်နေရင်းနဲ့ မိနစ် ၄၀ လောက်မှာ အဆက်အသွယ်ပြတ်သွားတယ်လို့သိရတယ်။ အဲဒီစခန်းမှာ လက်နက်ခဲယမ်း အင်အားအလုံ အလောက် ရှိတယ်။ မနက် ၁၁ နာရီကျော်မှ စခန်းအသိမ်းခံရတယ်ဆိုတာက သတင်းဝင်တာ။ မီဒီယာသတင်းတွေမှာ နံနက် ၆ နာရီမှာ စခန်းသိမ်းခံရတယ်လို့ပါတော့မှ ၅ နာရီနောက်ကျပြီးမှ စခန်းပါသွားတာ သိရတာ” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် မူလက စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကြောင်း၊ ထပ်မံ၍ နယ်မြေရှင်းလင်းရာတွင် စစ်တပ်မှ ဗိုလ်မှူးတဦးအပါအဝင် စုစုပေါင်း ၁၀ ဦး ထပ်မံ ဖမ်းမိပြီးစစ်သား ၁ ဦးထပ်မံ သေဆုံးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ PDF – Zoland မှ ရဲဘော်တစ်ဦး ကျဆုံးကြောင်း ZVTV၏ သတင်းဖော်ပြချက်အရ သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *