လှည်းကူးမြို့နယ် တရားရုံးကို ဗုံးခွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် ရုံးပိတ်ပြီး ဝန်ထမ်းတွေ ထွက်ပြေး

လှည်းကူးမြို့နယ် တရားရုံးကို ဗုံးခွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် ရုံးပိတ်ပြီး ဝန်ထမ်းတွေ ထွက်ပြေး၊ စစ်တပ်က လာစစ်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တရားရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်မည်ဆိုသည့်သတင်းကြောင့် တရားရုံးဝန်ထမ်းများ၊ အမှုသည်များ၊ ရှေ့နေများ တရားရုံးနှင့်ဝေးရာသို့ ထွက်ပြေးကြကြောင်း သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂၃ရက် နေ့လည် ၁၁နာရီကျော်ခန့်အချိန် အဆိုပါ ဖောက်ခွဲတိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးတစ်ဦး ဦးဆောင်သော အင်အား ၁၅ ပါ စစ်ကြောင်းက တရားရုံးသို့ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုများနှင့် စောင့်ကြပ် စစ်ဆေမှုများ ပြုလုပ်ခဲ့သည်ဟု လှည်းကူး တရားရုံးအနီးရှိသူတစ်ဦးတစ်ဦးက ဆိုသည်။

“ဒီနေ့ ၁၁ နာရီကျော်လောက်ကဖြစ်တာ တရားရုံးဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် အမှုသည်တွေရော တရားရေးဝန်ထမ်းတွေရော ရှေ့နေတွေရော အကုန်ထွက်ပြေးကုန်တယ်။ တရားရုံးရှေ့က ကွမ်းယာဆိုင်တောင် ပိတ်ပြေးတယ်။ ပြီးတော့ စစ်သားတွေ ကားနဲ့ရောက်လာတယ် ဗိုလ်မှူးတစ်ယောက်လည်းပါတယ်”ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

လှည်းကူးမြို့နယ်တရားရုံးသို့ စစ်ကောင်စီတပ်များရောက်ရှိလာချိန်တွင် တရားရုံး၌ မြို့နယ်တရားသူကြီးနှင့် တရားရေးဝန်ထမ်း ၅ ဦးသာ ကျန်ရှိပြီး တရားရုံးအား နေ့လည် ၂နာရီခန့်တွင် ပိတ်ထားလိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လှည်းကူးမြို့နယ် တရားရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *