ပြည်ရွှေဆံတော်ဘုရားစွယ်တော်နဲ့ ယတြာချေဖို့ စစ်ကောင်စီစဉ်နေ
သုံးနှစ်တစ်ကြိမ်သာအပူဇော်ခံတဲ့ ပြည်မြို့က ရွှေဆံတော်ဘုရားမှာရှိတဲ့ ဗုဒ္ဓစွယ်တော်ကို စစ်ကောင်စီက ယတြာအရ လှည့်လည်အပူဇော်ခံဖို့စီစဉ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပြည်ရွှေဆံတော်ဘုရားရှိ ဗုဒ္ဓစွယ်တော်ဟာ ပုံမှန်အားဖြင့် သုံးနှစ်တစ်ကြိမ်သာလှည့်လည်အပူဇော်ခံတာဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ်မှသာ သုံးနှစ်ပြည့်ပြုလုပ်ရမှာဖြစ်ပေမယ့် စစ်ကောင်စီကဒီနှစ်မှာပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
“ပြည်ရွှေဆံတော်ဘုရားစွယ်တော်က ၃ နှစ်မှ တစ်ကြိမ်အပူဇော်ခံတာ၊ ကျမတို့ဟိုးငယ်ငယ်ထဲက ၃ နှစ်တစ်ကြိမ်ပဲ၊ ၈၈ အရေးတော်ပုံတုန်းကတောင် အဲလို လုပ်တာမရှိဘူး။
အခုက ၃ နှစ်က ၂၀၂၄ မှ ပြည့်မှာ၊ အခု လှည့်လည်အပူဇော်ခံမယ်ဆိုလို့ မြို့က လူတွေက ဇွတ်လှည့်ဆိုပြီးပြောနေကြတယ်၊ တကယ်က ပုံမှန်ဆိုရင်စွယ်တော်က မနက်ကတည်းက ရပ်ကွက်တွေထဲ လှည့်အပူဇော်ခံတာ၊ ညနေဘက်အထိ၊ အခုကတော့ အချိန် ၄ နာရီလောက်ပဲ စတိလှည့်မဲ့သဘောပေါ့” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ပြည်ရွှေဆံတော် ဘုရားစွယ်တော်ကို ၂၀၁၈ ခုနှစ်က နောက်ဆုံးလှည့်လည်အပူဇော်ခံခဲ့ပြီး ၂၀၂၁ မှာ အပူဇော်ခံရမှာဖြစ်ပေမဲ့ စစ်တပ်ကအာဏာသိမ်းခဲ့တာကြောင့် ပုံမှန်အတိုင်းမလှည်လည်ခဲ့ရဘဲ လာမယ့်၂၀၂၄ ခုနှစ်မှာ ၁၂၄ ကြိမ်မြောက် အပူဇော်ခံရမှာဖြစ်ပါတယ်။
ဒါ့ပေမယ့် ၁၂၄ ကြိမ်မြောက်အဖြစ် အခုလနိုဝင်ဘာ ၂၅ရက်မှာ ယတြာအရအဓမ္မလှည့်လည်အပူဇော်ခံဖို့ စစ်ကောင်စီကစီစဉ်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီသိရပါတယ်။
ပြည်ရွှေဆံတော်ဘုရားစွယ်တော်
Leave a Reply