လေယာဉ်ပစ်ကူသုံးခုခံနေသည့် လားရှိုးမြို့နယ် မိုင်းကျက်စစ်ကောင်စီစခန်းကို TNLA သိမ်းပိုက်

အရေးပါသည့် မိုင်းကျက်စခန်းကို တစ်လနီးပါးကြာတိုက်ခိုက်ခဲ့ရဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ညပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေးဌာန အရာရှိက ပြောကြားသည်။

“မနေ့ညက အဲဒီစခန်းကိုမဟာမိတ် သုံးဖွဲ့ပူးပေါင်းပြီးဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်”ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

TNLA တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို အောက်တိုဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာ နိုဝင်ဘာ၂၃ရက် ညသန်းခေါင်တွင် ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနက အတည်ပြုသည်။

အဆိုပါတပ်စခန်းကို TNLAက ပထမအကြိမ် တစ်ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ထားပြီးဖြစ်သည်။ သို့ရာတွင် စစ်ကောင်စီတပ်က လေကြောင်း လက်နက်ကြီးပစ်ကူများသုံးပြီး နေရာပြန်ယူထား၍ ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ရက်ရှည်တိုက်ပွဲဖြစ်ပွားပြီး ယမန်နေ့ညပိုင်း၌ ဒုတိယ အကြိမ်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

“သူက စခန်းကုန်းနည်းနည်းမြင့်တယ်။ ပြီးတော့ စစ်ဗျူဟာကျတဲ့နေရာလည်းဖြစ်တဲ့အတွက်ကြောင့်လေ။ဒီဖြစ်စဉ်မှာ တစ်ခါ သိမ်းလိုက်တယ်။ဒါပေမဲ့ လက်နက်ကြီးတွေ ဗုံးတွေ လာကြဲလိုက်လို့ ကျမတို့ပြန်ဆုတ်ခွာလိုက်ရတဲ့ အနေအထားရှိတယ်။ အခုကကျမတို့ပြန်ပြီးတိုက်ခိုက်တယ်။ပြန်ပြီးသိမ်းလိုက်တယ်”ဟုTNLA ပြန်ကြားရေးအရာရှိက ပြောသည်။

စခန်းမကျရေးအတွက် စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးပစ်ကူပေးနေသည့်ကြားမှထပ်မံသိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ပြောသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top