စစ်ကောင်စီ လမ်းပိတ်ထား၍ ငပလီကမ်းခြေတွင် ခရီးသွား ၇၀၀၀ ကျော်ပိတ်မိ

(ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် ခရီးသွားလုပ်ငန်းများ ထိခိုက်လာနိုင်)

ရခိုင်ပြည် မြောက်ပိုင်းဒေသ မြို့နယ်များတွင် AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ပြည်နယ်စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစ၍ ပိတ်ပင်လိုက်သည်။

မြို့နယ်ချင်း၊ ရွာချင်းဆက်လမ်းကြောင်းများအားလုံးကို ပိတ်ပင်ထားသည့်အပြင် ဧရာဝတီ၊ မကွေးဘက်မှ ရခိုင်ပြည်သို့လာသည့် ဝင်ပေါက်များအားလုံးကို ပိတ်ထား၍ ငပလီကမ်းခြေသို့ လာရောက် အနားယူအပန်းဖြေကြသည့် ခရီးသွားဧည့်သည်များမှာ မပြန်နိုင်ဘဲ ပိတ်မိနေကြကြောင်း စုံစမ်းသိရသည်။

ခရီးသွားဧည့်လမ်းညွှန်များနှင့် ဟိုတယ်များ၏ ပြောပြချက်အရ ခရီးသွားဧည့်သည် ၇၀၀၀ ကျော် ပိတ်မိနေကြောင်း သိရသည်။

ငပလီကမ်းခြေ ဧည့်လမ်းညွှန် ကိုဇော်လင်းဦးက ” လမ်းတွေအားလုံးပိတ်ထားတော့ ဒီမှာရောက်နေတဲ့ ခရီးသွားတွေ မိမိနေရပ်ကို မပြန်နိုင်ဘဲ ပိတ်မိနေကြတယ်။ သံတွဲ-တောင်ကုတ်တောင် သွားလို့မရဘူး။ စစ်ကောင်စီက ပိတ်ထားတာ။ ကမ်းခြေကနေ သံတွဲမြို့ကို သွားဖို့တောင် အစစ်အဆေးတွေ တော်တော်များတာ။ ” ဟု ပြောသည်။

ယခု နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေကြမည့် ခရီးသွား ထောင်ချီကို cancel လုပ်လိုက်ရပြီး ပိတ်မိနေသူများ ပြန်စရာလမ်းမရှိ၍ အခက်အခဲဖြစ်နေကြကြောင်း မြပြင်ရပ်ကွက်ရှိ ဟိုတယ်တစ်ခုမှ မန်နေဂျာ ဦးစိုးရွှေက ပြောသည်။

” ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဒီလနဲ့ ရှေ့လမှာလာကြမယ့် ဧည့်သည်တွေဟာ cancel လုပ်လိုက်ကြတယ်။ တခြားဟိုတယ်တွေ၊ တည်းခိုခန်းတွေနဲ့ ပေါင်းရင် ထောင်ချီ ရှိတယ်။ ဒီမှာ ပိတ်မိနေတဲ့ သူတွေလည်း ၇ ထောင်ကျော်လောက်ရှိမယ်။ အများစုက ကားနဲ့လာကြတာဆိုတော့ ကားလမ်းပိတ်လိုက်တော့ ပြန်လို့မရတော့ဘူး။ တော်တော်လေး ဒုက္ခရောက်နေကြတယ်။ ” ဟု ပြောသည်။

ပိတ်နေသူများထဲတွင် ပြည်တွင်းခရီးသွားအများဆုံးပါဝင်ပြီး နိုင်ငံခြားခရီးသွားဧည့်သည် ရာဂဏန်းရှိကြောင်းနှင့် ထိုင်း၊ ဥရောပနိုင်ငံများက အများဆုံးဖြစ်ကြောင်း ဦးစိုးရွှေက ဆိုသည်။

ငပလီကမ်းခြေတွင် ပိတ်မိနေ့သည့် ဧရီးသွားဧည့်သည်များမှာ ယခုရက်ပိုင်းအတွင်းနှင့် ကုန်ခဲ့သည့်လက ရောက်ရှိနေကြသည့် ခရီးသွားများဖြစ်ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ နောက်ဆုံးအပတ်က ငပလီကမ်းခြေသို့ အပန်းဖြေရန် ရောက်ရှိလာသည့် ဧရီးသွားမိသားစုတစ်ခုမှာ အသုံးစရိတ်ပြတ်လပ်မှုဖြင့် ကြုံနေရသည်ဟု ပြောသည်။

” ကျမတို့က ကချင်ပြည်နယ်ဘက်က ငပလီကမ်းခြေရဲ့ သဘာဝရှုခင်းအလှတွေကို ကြည့်ချင်လို့ မိသားစုလိုက် လာကြတာ။ မနက်ဖြန် ပြန်တော့မယ်လို့ ကားလက်မှတ်တွေ ဖြတ်ထားတာ။ ဒါပေမယ့် မနေ့ကစပြီး ကားလမ်းတွေ ပိတ်လိုက်တော့ ပြန်ဖို့ အခက်အခဲဖြစ်သွားတယ်။ ပါလာတဲ့ အသုံးစရိတ်ကလည်း ကုန်ပြီ။ ဆက်ပြီးနေထိုင်ဖို့ တော်တော်လေး အခက်အခဲဖြစ်နေပြီ။ မိသားစုနဲ့ဆိုတော့ တစ်ရက်တာ အသုံးစရိတ်က အရမ်းများတယ်။ လေယာဉ်နဲ့ ပြန်ဖို့က တော်တော် ကုန်ကျမှာ။ ကားလမ်းတွေ ဘယ်နေ့ပြန်ဖွင့်မလဲ မသိရဘူး။ နေရပ်ပြန်ဖို့ ဘယ်လို လုပ်ရမလဲ၊ ဒီမှာဆက်နေဖို့ အသုံးစရိတ်က ပြတ်နေတော့ တော်တော်လေး စိတ်ဆင်းရဲနေရတယ်။ ” ဟု ပြောသည်။

ငပလီကမ်းခြေသို့ လာရောက်သည့် ပြည်တွင်းခရီးသည်အများစုမှာ ကားများဖြင့် အဓိက လာရောက်ခြင်းဖြစ်ပြီး လေယာဉ်ဖြင့် အနည်းငယ်သာ လာရောက်ကြကြောင်း သိရသည်။

တိုက်ပွဲများမှာ ရခိုင်ပြည် မြောက်ပိုင်းအပြင် တောင်ပိုင်းမြို့နယ်များအထိပါ ကျယ်ပြန့်နိုင်ကြောင်း သုံးသပ်သူများရှိနေ၍ ခရီးသွားလုပ်ငန်း အလုံးစုံပျက်စီးသွားနိုင်ကြောင်း ငပလီကမ်းခြေ ကျိတ္တောရပ်ကွက်ရှိ ဟိုတယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

” အရင်ကလည်း ရခိုင်ပြည်အတွင်း ပဋိပက္ခတွေကြောင့် ခရီးသွားလုပ်ငန်းဟာ တော်တော်လေး ထိခိုက်ခဲ့ပါတယ်။ အရင်တိုက်ပွဲတွေက တောင်ပိုင်းမှာ မရှိခဲ့ပေမယ့် အခုဖြစ်နေတဲ့ တိုက်တွေက တောင်ပိုင်းမြို့နယ်တွေအထိ ကူးစက်လာနိုင်တယ်လို့ ပြောနေကြတော့ ခရီးသွားလုပ်ငန်းကတော့ လုံးဝ ပျက်စီးသွားနိုင်ပါတယ်။ ဟိုတယ်၊ စားသောက်ဆိုင်၊ တခြားဆက်စပ်လုပ်ငန်းတွေ အားလုံး ပိတ်ရနိုင်ပါတယ်။ အခုတောင် လမ်းပိတ်ထားတော့ ခရီးသည်တွေ မပြန်နိုင်ကြဘူး။ နောက်လာမယ့် သူတွေလည်း မလာရဲကြတော့ဘူး။ ပုံမှန်ဆို ဒီရာသီမှာ တစ်ရက် အနည်းဆုံး ၁၅၀ နဲ့အထက်ကို ကားလမ်း၊ လေကြောင်းကနေ လာရောက်ကြပါတယ်။ ” ဟု ပြောသည်။

စစ်ပွဲများကို တားဆီး၍ မရနိုင်သော်လည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးသွားမည်ကို အလေးထားပေးကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

ဧရာဝတီဘက်က ဝင်ရောက်သည့် ဂွမြို့နယ် ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်ကို ပိတ်ပင်ထားခြင်းကြောင့် ကုန်ကားများနှင့် ခရီးသွားကားများ ရာနှင့်ချီ ယမန်နေ့ကစ၍ ပိတ်မိနေကြောင်း အနီးအနားဒေသခံများက ပြောသည်။

ယင်းအပြင် ယမန်နေ့ နံနက်က တိုက်ပွဲဖြစ်ပွားသည်ဟု သတင်းများကြောင်း စစ်ကောင်စီသည် မြို့နယ်ချင်း လမ်းပိုင်းများအားလုံး ပိတ်လိုက်သည့်အတွက် အမ်းမြို့နယ် ကစုကိုင်းစစ်ဆေးရေးဂိတ်တွင် ကုန်ကားများ ရာနှင့်ချီ ပိတ်နေသည်။

ရခိုင်ပြည်သူများမှာ ရေလမ်း၊ ကုန်းလမ်းအားလုံး ပိတ်ပင်ခံထားရ၍ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ကုန်ဈေးနှုန်း ကြီးမားမှုဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *