မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို ယနေ့ နံနက်ပိုင်း ဝင်ရောက်ပစ်ခတ်မှုဖြစ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းကြီးနားရှိ လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို ယနေ့ နံနက်ပိုင်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းကြီးနားရှိ လျှပ်စစ်မီတာရုံးစောင့်စစ်တပ်ကို အနောက်ပိုင်းခရိုင်ပကဖအဖွဲ့နှင့် Yangon Army တို့ပူးပေါင်း၍ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနက်ပိုင်းက ပစ်ခတ်သံတွေတော့ ကြားလိုက်တယ်။ မြောက်ဥက္ကလာအ၀ိုင်းနားမှာ။ မနက်နည်းနည်းစောတော့ ပစ်ခတ်သံ တော်တော်ပီပီသသကြားရတာ” ဟု မြောက်ဥက္ကလာ၊ ဆေးတက္ကသိုလ် ၂ အနီးနေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖအဖွဲ့က ယမန် နေ့ ညပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ကာ စစ်သားတချို့ ထိခိုဒဏ်ရာရရှိမှုရှိကြောင်း သိရှိရသည်။

ပြည်သူများကို မျိုးစုံဖိနှိပ်အနိုင်ကျင့်နေသော ဌာနများအားလုံးကို ထိရောက်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးချက် ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *