ဆိုင်ကယ်အစီးနှစ်ဆယ်ကျော်ကို မီးရှို့ပြီး ရွှေငွေတွေပါယူဆောင်သွား

လောင်းလုံးမှာ စစ်တပ်က ဆိုင်ကယ်အစီးနှစ်ဆယ်ကျော်ကို မီးရှို့ပြီး ရွှေငွေတွေပါယူဆောင်သွား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာမှာ စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၃ ရက်၊ မနေ့ညက ရွာခံတွေရဲ့ ဆိုင်ကယ် ၂၄ စီးနဲ့ ရေလုပ်သားတွေရဲ့ တဲအိမ် ရှစ်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” သူတို့(စစ်တပ်) ရွာထဲဝင်လာတော့ ကျမတို့က ထွက်ပြေးတာပေါ့။ အဲမှာ အိမ်မှာကျန်ခဲ့တဲ့ ဆိုင်ကယ်တွေ ယူထုတ်ပြီးရှို့တာ၊ အားလုံးစုပြီးမှ ရှို့ခဲ့တာ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ သပြေရှောင်ရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်က အခုလို မီးရှို့ဖျက်ဆီးသွားတဲ့ ဆိုင်ကယ်အားလုံးရဲ့ စုစုပေါင်းကာလတန်ဖိုးဟာ အနည်းဆုံး သိန်းသုံးရာဝန်းကျင် ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

အင်အား ခုနစ်ဆယ်ခန့်ရှိ အဲဒီစစ်ကောင်စီတပ်သားတွေဟာ သပြေရှောင်ရွာထဲကို မနေ့ မနက် ၁၁ နာရီလောက်မှာ ရေလမ်းကနေတဆင့် ရွာထဲကို ဝင်ရောက်လာခဲ့ပြီး အဲလိုမီးရှို့တာတွေအပြင် အရပ်သားတချို့ကို ဖမ်းဆီးစစ်ဆေးတာ၊ သေနတ်ပစ်ဖောက်တာတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်တွေထဲ ဝင်ရောက်ပြီး ရွှေ၊ ငွေ စတဲ့ တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

” အားလုံးဆို သိန်းနှစ်ရာလောက်တော့ ရှိမှာပေါ့။ ကျမ ဦးလေးတွေထဲမှာဆို ၃၅ သိန်းဖိုးလောက် ပါသွားတာရှိတယ်။ နှစ်သိန်း၊ သုံးသိန်းဖိုးလောက် ပါသွားတဲ့လူတွေလည်း ရှိတယ်။ ဖုန်းဆိုင်ထဲက ဖုန်းတွေလည်း ယူသွားတယ် ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ ရွာထဲရှိနေတဲ့အချိန် အရပ်သားတချို့ကိုလည်း ဖမ်းဆီးထားခဲ့ပြီး ည ၁၀ နာရီလောက် ရွာထဲက ပြန်ထွက်သွားချိန်မှာတော့ အားလုံးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

” လှေသားတွေရဲ့(ရေလုပ်သား) လှေတစီးလည်း ယူသွားတယ် သူတို့ပြန်တော့။ သူတို့ဝင်လာကတည်းက လှေသားတွေလည်း ပြေးတာ။ အဲမှာ သူတို့တဲတွေလည်း မီးရှို့ခံထိတာ။ ရွာထဲမှာလည်း ဆန္ဒထပ်ပြရင် ဒီထက်ပိုဆိုးမယ်။ PDF ကို ထောက်ခံရင် ဒီထက်ပိုဆိုးမယ်ဆိုပြီး စာရေးခဲ့တာ ” လို့လည်း ရွာခံလူငယ်တဦးက ပြောပါတယ်။

အလားတူပဲ သပြေရှောင်ရွာနဲ့ ကပ်လျက် ဟင်းချိုတော ရွာထဲကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ရေလမ်းကနေ ဝင်လာပြီး နေအိမ် လေးလုံးကို မီးရှို့ခဲ့ပါသေးတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *