” ရန်ကုန်မြို့မှာ စစ်ကောင်စီက တစ်မြို့နယ် လူဦးရေ ၃၀ ဖမ်းပေးရမယ်လို့ အမိန့်ထုတ် ”
စစ်ကောင်စီတပ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ၊ ကြံ့ခိုင်ရေးအမာခံတွေ ၊ ရပ်ကွက်လူမိုက်တွေနဲ့ ပေါင်းပြီး ရပ်ကွက်တွေထဲ လူငယ်တွေ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေကြသလို မြို့နယ်တစ်ခုကို လူဦးရေ ၃၀ ခန့် ဖမ်းဆီးပေးရမယ်လို့ စစ်ကောင်စီ က အမိန့်ထုတ်ထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူ ပြည်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက ဒီရက်ပိုင်းတွေအတွင်းမှာ ဖမ်းဆီးစစ်ဆေးမှုတွေ ပိုမိုပြုလုပ်လာပြီး ဖမ်းဆီးခံရသူတွေထဲမှာ
အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါဝင်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
” ရွှေပေါက်ကံမှာ တစ်ပတ်ရှိပြီ တွေ့သမျှလူ အကုန်ဖမ်းတာ ကလေးသေးသေးလေးတွေက အစပါတယ်ပေါ့။
အသက် ၄၀ ကနေ ၆နှစ် အရွယ်ထိပါတယ်။ ဘာအမှုနဲ့ ဖမ်းဆီးခံရတယ်ဆိုတာမသိရဘူး။ ခုထိလဲ အဆက်အသွယ်မရကြသေးဘူး” လို့ ရွှေပေါက်ကံမြို့ နယ်နဲ့ နီးစပ်သူ ပြည်သူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့လည်က လူစည်ကားရာနေရာတွေ လူငယ်တွေ သွားလာတတ်တဲ့နေရာတွေမှာ စောင့်ကြိုဖမ်းဆီးတာတွေ ပြုလုပ်နေကြောင်းနဲ့ ဖမ်းဆီးခံရပါက အတင်းအဓမ္မငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးတာတွေလည်း ရှိနေတယ်လို့ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူထံက သိရပါတယ်။
“ညဘက် ၈ နာရီလောက်က ကျုရှင်တက်ပြီး ပြန်လာတဲ့ ကလေးတွေကို စောင့်ပြီး စစ်တပ်က ဖမ်းသွားတယ်။
သူတို့ စစ်မေးတဲ့အချိန် မှာ အသက်မပြည့်လို့ ပြန်လွှတ်လိုက်ကြတယ်။ လှိုင် နဲ့ မရမ်းကုန်းဘက်မှာ စစ်တပ်က ဖမ်းတာခံလိုက်ရတယ်။
သူတို့ဆီက ပြန်လွတ်ချင်ရင် ၁၀ သိန်းအထက် စျေးညှိပြီး ပြန်ထုတ်နေရတယ်။ မပေးနိုင်ရင် သတင်းအစအနတောင် လိုက်စုံစမ်းလို့မရဘူး “လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
အလားတူ မြောက်ဒဂုံ နဲ့ တောင်ဒဂုံမှာ စစ်ကောင်စီက ရပ်ကွက်အတွင်းက ပြည်သူ ၈၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဒဂုံမြို့နေ ပြည်သူတစ်ဦးကလည်းပြောပြလာပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ဧည့်စာရင်းစစ်မှုတွေ ဆက်တိုက် ပြုလုပ်နေပြီး မှတ်ပုံတင်မရှိသူ လူငယ်တွေကို ဖမ်းဆီးသွားတာတွေလည်း ရှိနေတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ဆိုပါတယ်။
လူမှုကွန်ရက်တွေမှာလည်း လူပျောက်ကြော်ငြာတွေမှာ ယခင်ကထက် ပိုမိုများပြာလာပြီ ပျောက်ဆုံးနေသူ တွေမှာ လူငယ်အများစုဖြစ်နေကြောင်းစောင့်ကြည့်လေ့လာမှုအရ တွေ့ရပါတယ်။
“ဒီမှာညဘက်က ၆ နာရီဆို လမ်းပေါ်ထွက်တာဆိုလို့ လူကြီးနဲ့ လူလတ်ပိုင်းတွေပဲ ရှိတော့တယ်။လူငယ်တွေက စစ်တပ်က ပေါ်တာဆွဲတာတွေ အတော်ကြားနေရတော့ တော်ရုံ အပြင်မထွက်ကြတော့ဘူး။ ကျနော်တို့လဲ ညဘက်ဆို ကားတောင် ထွက်မဆွဲရဲတော့ဘူး။”လို့ ရန်ကုန်မြိုတွင်း တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ရန်ကုန်မြို့မှာ လုံခြုံရေးတွေ ယခင်ကထပ် များပြားစွာ ချထားပြီး လုံခြုံရေးယူနေသူတွေမှာလည်း အသက်ကြီးပိုင်းတွေသာ အများဆုံးတွေရတယ်လို့ ရန်ကုန်မြို့ခံတွေ ထံက သိရပါတယ်။
ဒါ့အပြင် စစ်တပ်ထောက်ခံတဲ့ ပျူစောထီးဆိုသူတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေကိုပါ စစ်မှုထမ်းဖို့အတွက် ခေါ်ယူနေတယ်လို့လည်း သိရပါတယ်။
တက္ကသိုလ် ၊ ဒီဂရီကောလိပ် နဲ့ ကောလိပ်တွေမှာ ဖွဲ့စည်းခဲ့တဲ့ တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) မှာ စစ်ပညာသင်ကြားဖူးသူ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၇ ရက်မှာ သက်ဆိုင်ရာ ပညာရေးဌာနတွေကနေ တဆင့် တောင်းယူထာပြီး ဒီဇင်ဘာ ၁၇ ရက်မတိုင်ခင် ပေးပို့ရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။
ဒီနေ့အချိန်မှာတော့ နိုင်ငံတဝန်း တော်လှန်ရေးအဖွဲ့အစည်းတွေက စစ်ကောင်စီတပ်စခန်းသိမ်းယူမှု နဲ့ မြို့သိမ်းတိုက်ပွဲတွေ အထိပါ အရှိန်အဟုန်မြင့်မားစွာ လုပ်ဆောင်လာနိုင်တာကြောင့် ရှေ့တန်းစစ်မျက်မှာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုနဲ့ လက်နက်ချအညံသူတွေများပြားလာပြီး ထိုးစစ်ကနေ ခုခံစစ် သဘောမျိုးသာ လုပ်ဆောင်နိုင်တော့တာဖြစ်ကြောင်းနဲ့ တပ်အင်အားဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်းဖို့ အတွက် လူငယ်၊ လူလတ်ပိုင်းတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေတာ ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့ နေ ဒေသခံတွေကပြောဆိုနေကြပါတယ်။
Leave a Reply