စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာရွာမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ နောက်လိုက်တွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ်၁စစ်ဒေသရဲ့ ဦးဆောင်မှုဖြင့် မဟာမိတ်တပ်တွေပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ PLA ဗဟိုသတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ယနေ့မနက်အစောပိုင်းမှာ ကားဘိုးအနောက်ဘက်က စစ်အုပ်စုနဲ့ ပျူစောထီးတွေတပ်စွဲထားတဲ့ အောင်သာယာရွာကို ဆောင်ဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေးအဖြစ်နဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
“လောလောဆယ်သိရသလောက်က ရန်သူ့ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး၊ ၁၅ဦးထက်မနည်း ဒဏ်ရာရရှိကာ ရန်သူ စစ်သုံ့ပန်း ၇ ဦးဖမ်းလာနိုင်ခဲ့ပါတယ်။အသေးစိပ်အခြေအနေကတော့ မြေပြင်ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရသေးလို့ ညနေပိုင်းလောက်မှထပ်မံထုတ်ပြန်ပေးပါ့မယ်ဗျ”လို့PLA ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
တိုက်ပွဲအတွင်းမှာ ပျူရွာတရွာလုံးကိုသိမ်းပိုက်နိုင်ဖို့ကြိုးစားဆောင်ရွက်ခဲ့ပေမယ့် စစ်တပ်ဘက်မှ လက်နက်ကြီးပစ်ကူ၊ ခြေလျင်တပ်စစ်ကူများအပြင် Mi-35 ဖြင့်ပါ စစ်ကူများ ရောက်ရှိလာမှုကြောင့် ဖမ်းဆီးရမိသည့် သုံ့ပန်းများ၊ ပစ္စည်းများကိုသိမ်းယူကာပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။
လက်ရဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်း ၇ယောက်ကိုတော့ PLA အမှတ်(၁)စစ်ဒေသလက်အောက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ သုံ့ပန်းပေါ်လစီနှင့်အညီ ထိန်းသိမ်းထားမယ်လို့သိရပြီး တပ်ပေါင်းစုဘက်ကရဲဘော် ၅ယောက်မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
အထက်ပါတိုက်ခိုက်မှုကိုတော့PLA အမှတ်(၁)စစ်ဒေသ၏ စစ်ရေးဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့များဖြစ်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ 96 Soldiers PDF (အညာတပ်ခွဲ)၊ စိန်ဗေဒါKBU (ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF ၊ ဝံသပါလ LPDF ၊ TCRF (PLA) ၊ ရွှေဘိုဓူဝံ (PLA) ၊ GZ LPDF တို့ကဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။
Leave a Reply