မန္တလေးမှာ နေရာသုံးခုကို တိုက်ခိုက်ပြီး ‘ရွှေတောင်ပံ’ စစ်ဆင်ရေးစတင်

မန္တလေးမှာ နေရာသုံးခုကို တိုက်ခိုက်ပြီး ‘ရွှေတောင်ပံ’ စစ်ဆင်ရေးစတင်

နိုဝင်ဘာ၊ ၂၈

မန္တလေးမြို့ရှိ မြို့နယ်သုံးမြို့နယ်က စစ်ကောင်စီ အုပ်ချုပ်ရေးရုံး နှစ်နေရာ အပါအဝင် စစ်ကောင်စီတပ်ရဲ့ အထိုင်နေရာ သုံးနေရာ ဒီကနေ့မနက် ၆ နာရီလောက်က ဗုံးခွဲတိုက်ခိုက်ပြီး ‘ရွှေတောင်ပံ’ စစ်ဆင်ရေး စတင်လိုက်ပြီလို့ မန္တလေးပျောက်ကြားတပ်ဖွဲ့ တခုဖြစ်တဲ့ အောင်စည်တော်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး မီးပွိုင့်ရှိ စစ်ဆေးရေးဂိတ်၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံး နဲ့ ပြည်ကြီးတံခွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့နဲ့ ဒေသခံတွေက ဆိုပါတယ်။

“ မီးပွိုင့်မှာ ရဲကင်းဂိတ်ပုံစံလေး ရှိတယ်လေ။ အဲ့နား ကွဲသွားတယ်။ မနက်အစောဆိုတော့ စစ်ဆေးရေးတွေ ဘာတွေမလုပ်သေးပါဘူး။ ပေါက်ကွဲသံကတော့ အတော်ကျယ်တယ် ” လို့ ကန်တော်ကြီးမီးပွိုင့်အနီးနား နေထိုင်သူတဦးက ပြောပါတယ်။

” အဲနားကလည်း မော်တော်ပီကယ်တွေ စစ်တာတော့ ရှိတတ်တယ်။ ဒါပေမယ့် နေ့တိုင်းတော့ မဟုတ်ဘူး။ ကြည့်ရတာတော့ အသိပေးတဲ့ပုံစံ လုပ်တယ်ထင်ပါတယ် ” လို့ သူကဖြည့်စွက်ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်ထွေအုပ်ရုံး ပေါက်ကွဲမှုကြောင့် အဆောက်အဦ အနည်းငယ် ထိခိုက်မှုတွေ ရှိခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့သလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာတွေ အနီးကို စစ်ကောင်စီတပ်တွေက လက်ရောက်စစ်ဆေးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“ အဲ့(အိုးတော်)ရပ်ကွက်ရုံးက မကြာခဏ ပေါက်ကွဲမှုဖြစ်တယ်။ ဒီတခေါက်တော့ ဆိုင်ကယ်နဲ့ လာပစ်သွားတယ်လို့ကြားတယ်။ လူထိခိုက်တာမျိုးတော့ မရှိပါဘူး။ ဒီရက်ပိုင်းမှာ ရပ်ကွက်ထဲ ဧည့်စာရင်းစစ်တာတွေ ဘာတွေတော့ လုပ်နေတယ် ” လို့ အမရပူရမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

မန္တလေးမြို့ ပျောက်ကြားတပ်ဖွဲ့တခုဖြစ်တဲ့ အောင်စည်တော်အဖွဲ့က ရွှေတောင်ပံ စစ်ဆင်ရေးကို မြို့နယ် သုံးခုမှာ တချိန်တည်း တပြိုင်တည်း ဖောက်ခွဲပြီး ယနေ့ စတင်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ဒေသမှာ ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းပါဝင်တဲ့အနေနဲ့ ပထမဆုံး စစ်ဆင်ရေး စတင်လုပ်ကိုင်ခြင်း ဖြစ်သလို ရဲဘော်တွေ အန္တရာယ်ကင်းစွာနဲ့ အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို အားပေးထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီကနေ့ မနက်ပိုင်းမှာ မန္တလေးမြို့မှာ နေရာသုံးခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူနဲ့ အဆောက်အဦ ထိခိုက်မှု မရှိဘူးလို့ ဆိုကြပါတယ်။

စစ်အာဏာသိမ်းမှုပြီးနောက် မြို့ပြပျောက်ကြားတပ်ဖွဲ့တွေက မန္တလေးမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုတွေ အားကောင်းကောင်းနဲ့ လုပ်ကိုင်နိုင်ခဲ့ပေမယ့် ဖမ်းဆီးခံရမှုတွေကြောင့် တိုက်ခိုက်မှုတွေ လျော့နည်းသွားခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ အခုလို စစ်ကောင်စီအထိုင်တပ်နေရာတွေကို ပြန်လည် တိုက်ခိုက်လာတာတွေ့ ရှိနေတာပါ။
မန္တလေးမြို့ကို ပြန်သိမ်းဖို့ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ ရွှေပြည်စိုး စစ်ဆင်ရေး ကိုလည်း မန္တလေးခရိုင် PDF တွေက စတင်ဖော်ဆောင်နေပြီး ဒီလလယ်လောက်မှာ စစ်ကောင်စီရဲ့ အထိုင်စခန်းတွေကို မောင်းသူမဲ့လေလယာဉ်တွေနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ထားပါတယ်။

ဓာတ်ပုံ – Social Media (ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *