တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီကိုတိုက်ခိုက်သိမ်းပိုက်ထားသောမြို့ ၁၂ မြို့ ရှိလာ
စစ်ကိုင်းတိုင်းအတွင်း တတိယမြောက်မြို့ အဖြစ် ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ကာသိမ်းပိုက်ပြီးဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနကယနေ့ညတွင်ထုတ်ပြန်လိုက်သည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကနိုဝင်ဘာလ (၂၁) ရက်၊ နံနက် (၆) နာရီတွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၂၂) ရက်၊ ညနေ (၆) နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။သို့သော်မြို့ကို PDF များသိမ်းပိုက်ပြီး တစ်ပါတ်အကြာတွင်မှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ခန္တီးခရိုင် အမှတ် (၂ )တပ်ရင်း ဖြစ်သောဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံသတင်းထုတ်ပြန်ရာတွင် နိုဝင်ဘာ ၂၁ ရက်တွင်စတင်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်၏ နောက်ဆုံးစခန်းကုန်းကို တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ပြေးကြသောနေ့မှာ ၂၃ ရက်နေ့ဟု ရုပ်သံမှတ်တမ်းတွင်ပြောထားသည်။ နောက်ဆုံးစခန်းကုန်းတိုက်ခိုက်နေမှုနှင့် အမိန့်ပေးမှုနှင့် ပူးပေါင်းထိုးစစ်ဆင်နေမှု အစိတ်အပိုင်းအချို့ကို ရုပ်သံဖိုင်တွင်တွေ့ရသည်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၈) ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း လည်းအသိပေးထားသည်။
“မြို့ကိုက သိမ်းပြီးပြီ စစ်ရေးရည်မှန်းချက်တွေ ရှိသေးတာမို့ သတင်းမထုတ်သေးတာပါ”ဟု PDF တစ်ဦးက နိုဝင်ဘာ ၂၆ ရက်တွင် ပြောသည်။
PDF များနှင့် တော်လှန်ရေးတပ်များသည်ယခုအခါ စစ်ကိုင်းတိုင်းတွင် ကောလင်းမြို့ ၊ ခမ်းပါတ်မြို့နှင့် ရွှေပြည်အေးမြို့တို့ကို သိမ်းပိုက်ပြီးဖြစ်သည်။
တစ်နိုင်ငံလုံးအနေဖြင့် နိုဝင်ဘာ ၂၈ ရက်အထိ့တော်လှန်ရေးအဖွဲ့များကစစ်ကောင်စီတပ်ကို တိုက်ခိုက်၍ မြို့သိမ်း နိုင်ခဲ့သည်ကြောင်းအတည်ပြုကြေညာသောမြို့ ပေါင်း၁၂ မြို့ရှိပြီဖြစ်သည်။
ကရင်နီပြည်နယ်တွင်မယ်စဲ့ မြို့ ၊ရှမ်းပြည်နယ်တွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ သိန္နီ ၊ မုံးကိုး ၊ ကွမ်းလုံ မြို့ ၊စစ်ကိုင်းတိုင်းတွင်ကောလင်း ၊ခမ်းပါတ် ၊ရွှေပြည်အေးမြို့
နှင့် ချင်းပြည်နယ်တွင် ရိဒ်ခေါဒါရ် ၊ လိုင်လဲန်းပီ မြို့တို့ဖြစ်သည်။
(ရွှေပြည်အေးမြို့ သိမ်းတိုက်ပွဲမှ စစ်ကောင်စီ၏ နောက်ဆုံးခံတပ်ကို တိုက်နေစဥ်။ရုပ်သံ- HPDF )
Leave a Reply