ကျောက်မဲမြို့မှာ ပုပ်စော်နံလို့ ရှာဖွေရာက အလောင်း ၇၀ ကျော် စုပုံစွန့်ပစ်ထားတာကို တွေ့ရ

ကျောက်မဲမြို့မှာ ပုပ်စော်နံလို့ ရှာဖွေရာက အလောင်း ၇၀ ကျော် စုပုံစွန့်ပစ်ထားတာကို တွေ့ရ

နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၃

SP(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ ၊ နတ်ရေကန် ဝိမုတ္တိဘုန်းကြီးကျောင်းနဲ့ တရုတ်သုဿန်ကြား လျှိုမြောင်ထဲမှာ မနေ့ နိုဝင်ဘာ ၂၉ ရက်က

လူသေအလောင်း ၇၀ ကျော်ကို စွန့်ပစ်ထားတာကို တွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ကျောက်မဲမြို့ပေါ်မှာ တိုက်ပွဲရှောင်တချို့ မနေ့က နေရပ်ပြန်လာတယ် ၊ အိမ်မှာ နေလို့မရအောင် ပုပ်စော်တွေနံနေလို့ ပရဟိတသမားတွေကို

အကူညီတောင်းပြီး လိုက်လံရှာဖွေတဲ့အခါ နတ်ရေကန် ဝိမုတ္တိဘုန်းကြီးကျောင်းနဲ့ သင်္ချိုင်းကြားဘက်က

လျှိုထဲမှာ မသဂြိုလ်ပဲ အလောင်းတွေ ဒီအတိုင်းသား စွန့်ပစ်ထားတာကိုတွေ့ရတယ် ၊ အလောင်းက ၇၀ ကျော်လောက်ရှိတယ် ၊

အဲ့ဒီက အပုပ်နံ့တွေက ရပ်ကွက်ဘက်လွင့်လာတော့ လူတွေ မနေနိုင်အောင် နံတာဖြစ်တယ် ၊ အဲ့ဒီ အလောင်းတွေက အရပ်သားတွေမဟုတ်ဘူး ၊

ယူနီဖောင်းတွေဝတ်ထားတယ် ၊ ဘက်တံဆိပ်မျိုးစုံပါတယ် ၊ နစက စစ်သားတွေမဟုတ်ဘူး ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်ကလည်း ကျောက်မဲမြို့နယ် မောင်ဖုန်းတောင် အဆင်းလမ်းရဲ့ ညာဘက် ချောက်ကမ်းပါးထဲမှာ

အဲ့ဒီလို လူသေအလောင်းတွေ စွန့်ပစ်ထားတာကို တွေ့ရလို့ ဒေသခံ ပရဟိတသမားတွေက မီးရှို့ သဂြိုလ်ပေးရတယ်လို့ သိရပါတယ်။

ပြီးတဲ့ရက်ပိုင်းအတွင်းက ကျောက်မဲမြို့နယ်ထဲမှာ နစက တပ်ဖွဲ့နဲ့ ရှမ်းမြောက်ဒေသ ညီနောင်မဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတယ်လို့ သိရပါတယ်။

မနေ့က တိုက်ပွဲငြိမ်တဲ့အချိန် ကျောက်မဲဒေသခံ အရပ်သားတွေဟာ တိုက်ပွဲရှောင် ခိုလှုံနေရာက တချို့ဟာ နေရပ်ပြန်လာကြပြီလို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *