မန္တ​လေးမြို့က မြို့သိမ်းတိုက်ပွဲ ရင်ခုန်သံ​တွေ

မန္တ​လေးမြို့က မြို့သိမ်းတိုက်ပွဲ ရင်ခုန်သံ​တွေ

People’s Spring

အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူတစ်ရပ်လုံးအား အံ့အားသင့်စေခဲ့သည့် ကြီးမာ​​သော အချိုးအ​ကွေ့သည် နိုင်ငံ၏ အ​ရှေ့​မြောင်ပိုင်းမှ ရုတ်တရက်​ပေါ်ထွက်လာသည်။ ​လူထုခုခံ​တော်လှန်စစ် ၃၃ လရှိချိန် ပြီးခဲ့သည့်အောက်တိုဘာလ၂၇ရက်နေ့က စတင်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးကြီးသည် အခြား​ဒေသများနည်းတူ မြေပြန့်ကမြို့ကြီးပြကြီးဖြစ်သော မန္တလေးမြို့ကိုပါ ခပ်ပြင်းပြင်းလှုပ်ခတ်စေခဲ့သည်။

စစ်အတွင်းကာလဖြစ်နေသည်ကို မေ့လျော့နေပုံရသည့်မန္တလေးသည် သီတင်းကျွတ်ပွဲတော်များဖြင့် အုန်းအုန်းထခဲ့ပြီးနောက် ၁၀၂၇၏ နှုတ်ဆက်မှုကြောင့် မီးကိုရေနှင့်ငြှိမ်းလိုက်သလို ရုတ်ချည်းငြိမ်သက်သွား​တော့ သည်။

ည ၈ နာရီကျော်လျှင် လမ်းပေါ်တွင်လူမရှိတော့။ ည၁၀နာရီကျော် ၁၁ ဝန်းကျင်အထိ ဖွင့်တတ်သောဘီယာဆိုင်၊ အရက်ဆိုင်များပင် ည၈နာရီဝန်းကျင် ဆိုင်ဝန်ထမ်းများသာ ကျန်နေခဲ့သည်။ ပေါ်တာဆွဲသည်ဆိုသောသတင်းစကားများကြောင့်လည်း မည်သူမျှညမထွက်ဝံ့တော့။ စစ်ကောင်စီက ညမထွက်ရအမိန့်ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း မည်သူမျှ မထွက်ရေးချမထွက်တော့။

ရှမ်းမြောက်မြို့ကြီးများနှင့် စစ်ကောင်စီစခန်းများ၊ တစ်မြို့ပြီးတစ်မြို့သိမ်း၊ တစ်စခန်းပြီးတစ်စခန်းသိမ်းနေချိန်၊ ချင်းပြည်နယ်သာမက စစ်ကိုင်းတိုင်းတွင်လည်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်​ပေါက်လာသည်။ ထိုအခါကျမှ မန္တလေးကပြည်သူတွေလည်း စစ်ကနီးလာပါလားဟု ခံစားချက်ကရရှိလာသည်။

နိုဝင်ဘာလအတွင်း၌ပင် မန္တလေး​မြို့မြောက်ပိုင်း လေးငါးမိုင်ခန့်အကွာရှိ မတ္တရာနယ်ရှိရွာများ၌ ကြီးမားပြင်းထန်​သော တိုက်ပွဲကြီးများခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့သည်။အရှေ့၊ အနောက်နှင့် မြောက်ဘက်တို့ရှိ စစ်ပွဲများကြောင့် မန္တလေးမြို့သိမ်းတိုက်ပွဲဖြစ်လာလျှင်ဆိုသည့် အတွေးဖြင့် အချို့က စားနပ်ရိက္ခာစတင်စုဖို့ပြင်လာကြ​တော့သည်။

“အသားတုတွေတော့ဝယ်ထားတယ်။ ဆန်နဲ့ဆီလည်းဝယ်ထားတယ်။”ဟု မန္တ​လေးမြို့နေ အသက်၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အဓိကကျသည့်ဆန်၊ဆီနှင့် ကုလားပဲ၊ ငါးခြောက်၊ ငါးသေတ္တာစသည့်အခြောက်အခြမ်းများ ဝယ်နိုင်သရွေ့ဝယ်စုကြသူတွေရှိသည်။ အချို့က ဆေးဝါးများဝယ်ထားကြသည်။

“ရက်ကြာကြာခံမယ့်စားစရာတွေလုပ်ထားဖို့ပဲ စဥ်းစားထားတယ်။”ဟု ပြည်ကြီးတံခွန်မြို့နယ်နေကုန်စိမ်းစျေးသည် တစ်ဦးက ပြောပါသည်။

သို့သော် အောက်ခြေပြည်သူအများစုကမူ ရိက္ခါများ ကြိုတင် ဝယ်မစုနိုင်ကြပါ။ အာဏာမသိမ်းမီကာလထက် ၃ဆခန့်တက်လာသော ကုန်စျေးနှုန်းကြောင့် တစ်ရက်စာတစ်ရက်ပင် အနိုင်နိုင်ဝယ်စားနေရသော အောက်ခြေပြည်သူများမှာ စစ်အတွက်ကြိုတင်စုဆောင်းနိုင်ခြင်းမရှိပေ။

“ဘာမှကို ဝယ်မစုနိုင်ဘူး။ ကိုဗစ်တုန်းကတောင် ကျော်နိုင်ခဲ့သလို စစ်ဘေးကိုကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်တာပဲ။”ဟု ချမ်းမြသာစည်မြို့နယ်နေ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ပြည်သူအများစိုးရိမ်သည့်နောက်တစ်ချက်မှာ ကောလင်းကဲ့သို့ မြို့သိမ်းတိုက်ပွဲဖြစ်လာလျှင် ဘာဝယ်စုထားစုထား ထားခဲ့ရမည်ဆိုသည့်အတွေးဖြစ်သည်။

“တစ်ခုခုဖြစ်ပြီဆိုရင် ခါးပေါ်ကထမီတောင် မနည်းပါအောင်ပြေးရမှာဆိုတော့ ဘာမှကြိုဝယ်မထားဘူး။”ဟု မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုနေ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ရင်ဖွင့်သည်။

ပြည်သူအချို့က ပစ္စည်းဝယ်စုခြင်းထက် ကိုယ့်လက်ထဲ၌ ငွေသားကိုင်ထားနိုင်ရန် ဦးတည်ထားကြသည်။

“ပစ္စည်းတွေဝယ်ထားလည်း သယ်နိုင်မှာမဟုတ်ဘူး။ ရွှေတောင်စိတ်မချရဘူး။ ပိုက်ဆံလက်ထဲကိုင်ထားနိုင်မှအဆင်ပြေမယ်။”ဟု ကွမ်းယာသည်အမျိုးသမီးတစ်ဦးက ပြောသည်။

မြို့ကြီးပြကြီးတိုက်ပွဲဖြစ်လာလျှင် ပုန်းရှောင်စရာတောတောင်မရှိခြင်းကြောင့်လည်း မြို့ပြလူထုက ပိုပူပန်ကြသည်။ အာဏာသိမ်းစစ်တပ်၏ ရှူံးမည်း မည်းနေသော လုပ်ရပ်များကိုလည်း မြင်တွေ့နေရ၍ စိုးရိမ်ကြသည်။

“လေယာဥ်နဲ့ပစ်လို့ကတော့ ကိုယ့်ကံလို့ပဲပြောရမှာပဲ။”ဟု အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်အား တိုက်ခိုက်သည့်အခါ ကိုယ့်ဘက်ကလည်း ထိခိုက်ပျက်စီးမှုတွေ အနည်းနှင့်အများ ရှိလာမည်ကို ကြိုတင်လက်ခံပြင်ဆင်ထားသူတွေလည်း ရှိပါသည်။

“ဝယ်မစုဘူး။ ကိုယ်ကဝယ်နိုင်လို့တအားဝယ်ရင် မဝယ်နိုင်တဲ့သူတွေဒုက္ခရောက်မယ်။ နောက်ပြီး ကလေးတွေကတောင် အသက်ပေးပြီးတိုက်နေတဲ့အချိန် ကိုယ်တွေကရိက္ခာလည်းစုမနေချင်တော့ဘူး။”ဟု မန္တလေးမြို့ခံ အသက် ၅ဝ ကျော်အရွယ် အမျိုးသားတစ်ဦးကသူ့ခံယူချက်ကို ပြောပါသည်။

မြို့သိမ်းတိုက်ပွဲဖြစ်လာလျှင် ကျရာနေရာမှ ပါဝင်သွားရန် စိတ်ကူးထားသူတွေလည်းမနည်းမ​နောရှိနေသည်။

“ဖြစ်လာပြီဟေ့ဆိုရင်တော့ ဝင်ဆော်ရမှာပဲ။ရပ်ကြည့်နေလို့မရတော့ဘူး။ အဓိကက မော်တော်ပီကယ်တွေကိုဆော်ချင်တာ။”ဟု အသက်၄၀ ကျော်အရွယ် မန္တလေးသားတစ်ဦးကဆိုလိုက်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *