မင်းနေပြည်တော်၌ လူရွေးပွဲစတင်ပြီဖြစ်သည်။
နေပြည်တော်ဝင်မည့် မြို့တံခါးကြီးမှာ ကြီးကျယ်ခမ်းနားလှသလို ခိုင်ခန့်စွာ တည်ဆောက်ထားသည်။ မြို့တံခါးကို ခတ်ထားသည့် သော့ခလောက်အား ပညာရှင်ပေါင်းများစွာဖြင့် ပြုလုပ်ထားသည်ဆို၏။ သော့ကို လည်း သတ်မှတ်ထားသူက လာပြီးဖွင့်မှသာ ပွင့်နိုင်စေရန် သော့တံကို ကိုင်ထားသည်။
“တိုင်းသူပြည်သား လူအများတို့လေ … နေပြည်တော်တွင် လူစွမ်းကောင်း ရွေးချယ်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်သည်။ နေပြည်တော်မြို့တံခါးကို ဖွင့်နိုင်သည့် မည်သူ့ကိုမဆို နေပြည်တော်၏ လူတော်အဖြစ် ရွေးချယ်ကာ ဆုတော်ငွေများ ချီးမြှင့်မည်ဖြစ်သည်။ တိုင်းပြည်အတွင်းရှိ မည်သူမဆို လူတော်အဖြစ် ဝင်ရောက် ရွေးချယ်ခြင်း ခံယူနိုင်ကြောင်း ကြေညာမောင်းခတ်လိုက်သည်”
“ဒူ … ဒူ … ဒူ”
တိုင်းပြည်တွင်းက လူတိုင်းစိတ်ဝင်စားစရာဖြစ်သည်။ လူတော်စာရင်းဝင်သွားလျှင် မင်းမှုထမ်းဖြစ်မည်။ မင်းမှုထမ်းဖြစ်လျှင် သူတို့ဘဝအတွက် စိတ်ကူးယဉ်စရာတွေ များလှသည်။ ရာထူးအဆင့်ဆင့် မြင့်တက်ပြီး နောက်ဆုံးတွင် မှူးကြီးမတ်ကြီးအထိ ဖြစ်နိုင်သည်ဆိုသော အိပ်မက်တွေဖြင့် လူတိုင်း ပိတ်ထားသော တံခါးကို ဖွင့်နိုင်အောင် ကြိုးစားကြသည်။
တံခါးတွင် မင်းတုပ်ကို တပ်ဆင်ထားသည်။ မင်းတုပ်တွင် သော့ခလောက်ကြီးကို ခတ်ထားသည်။ ထိုသော့ခလောက်ကြီးမှာ မည်သို့မျှ မဖွင့်နိုင်ဟုဆိုသော ခိုင်မာသည့် ကြေးသော့ခလောက်ကြီး ဖြစ်သည်။
ပြိုင်ပွဲစတင်သည့်နေ့တွင် သူတို့ပြုလုပ်ဖန်တီးထားသော သော့ခလောက်ကြီးကို မည်မျှခိုင်မာကြောင်း ဂုဏ်ယူကာ ကြွားနေသည်။ ထိုတံခါးဖွင့်ပွဲကို မင်းပွဲတစ်ခု အနေဖြင့် စည်ကားစွာ ကျင်းပခြင်းဖြစ်ရာ ကျုံးပတ်လည် နန်းမြို့ရိုးတစ်ဝိုက်တွင် လူတွေ ကျိတ်ကျိတ်တိုး စည်ကားလျက်ရှိသည်။
ပြိုင်ပွဲစပြီ
တစ်ယောက်ပြီးတစ်ယောက် ကြိုးစားပြီး လာဖွင့်ကြသည်။ သော့ပေါက်ထဲကို အမျိုးမျိုးသော သော့တံများဖြင့် ထိုးဖွင့်သော်လည်း မပွင့်နိုင်အောင် ရှိနေသည်။
နေသာစောင်းတော့မည် ဖွင့်နိုင်သည့်သူကား ပေါ်မလာသေး။ သော့ခလောက်ရှင်တွေကား ဂုဏ်ယူကာ ပီတိဖြစ်နေကြသည်။
ထိုအချိန်တွင် ဆင်တစ်ကောင်နှင့် လုပ်ငန်းသိမ်းပြီး ပြန်လာသော လူငယ်လေးတစ်ယောက်သည် မြို့တံခါး အနီးကို ရောက်လာသည်။
“လူတွေများလှချည့်”
သူက လူတွေကို ဆင်ပေါ်မှ ထူးဆန်းစွာ ကြည့်ပြီး အနီးရှိ အမျိုးသမီးကြီးတစ်ယောက်ကို မေးလိုက်သည်။
“မိခင် … ဘာပွဲများ ကျင်းပနေပါသလဲခင်ဗျာ”
“မြို့တံခါးဖွင့်ပွဲတဲ့ကွယ်”
“ဘာဖြစ်လို့ ဖွင့်တာလဲခင်ဗျာ။ ဘယ်သူက ပိတ်သွားလို့လဲ”
“ဘုရင်မင်းတရားကြီးက သူ့ဘာသာသူပိတ် … သူ့ဘာသာသူ ဖွင့်ခိုင်းနေတာကွယ့်”
“ဘာဖြစ်လို့လဲမိခင်”
“ပြိုင်ပွဲပေါ့ကွယ်”
“တံခါးဖွင့်နိုင်တော့ ဘာဖြစ်မည်နည်း မိခင်”
“တံခါးဖွင့်နိုင်သူကို လူတော်အဖြစ် သတ်မှတ်မည်တဲ့”
“လူတော်ဖြစ်တော့ ဘာဖြစ်မလဲခင်ဗျာ”
“လူတော်ဖြစ်တော့ မင်းမှုထမ်းကောင်းအဖြစ် ခန့်အပ်ခြင်း ခံရမယ်ကွယ့်”
“တံခါးကို ဘယ်သူဖွင့်ဖွင့်လားခင်ဗျာ”
“အေးကွယ့် ဘယ်သူဖွင့်ဖွင့်တဲ့”
လူငယ်က ဆင်စီးပြီး မဏ္ဍပ်အနီးချင်းကပ်ကာ
“ဘိုးဘိုးတို့ ကျွန်တော် ပြိုင်ပွဲဝင်ချင်လို့ပါ”
“အလို အမောင်ကျေးတောသား နောက်ကျနေပါပြီကော … ငါတို့ပွဲသိမ်းတော့မလို့ကွယ့်”
“ကျွန်တော်မျိုးကို အခွင့်အရေး ပေးတော်မူပါ”
“ကိုင်းဗျာ … နောက်ဆုံးအနေနဲ့ ကြိုးစားစေ”
“တံခါးကို ဘယ်လိုဖွင့်ရမှာလဲခင်ဗျာ”
“ဘယ်လိုဖွင့်ဖွင့်ရတယ်။ အေးတစ်ခုပဲ သော့ကိုတော့ ရိုက်ချိုးလို့မရဘူး။ ကြိုက်သလိုဖွင့်လို့ရတယ်။ သော့ကိုဖျက်လို့ မရဘူး။ ဒီတစ်ချက်ပဲ သတိထားကွယ့်”
“သော့ကို လုံးဝမပျက်စီးစေရဘူးလို့ ဆိုလိုတာလားဘိုးဘိုး”
“အေးကွယ့်”
“မှန်လှပါ ကျွန်တော်မျိုး ဖွင့်ပါ့မယ်”
လူငယ်က ဆင်ကို အမိန့်ပေးလိုက်ရာ ဆင်က နောက်ပြန်ဆုတ်သွားသည်။ အားလုံးက ထင်နေသည်မှာ ဆင်ကို လွတ်ရာကို သွားထားမည်ဟု ထင်နေကြသည်။ လူငယ်လေးက ဆင်ကို နောက်ပြန်လှည့်စေပြီး တံခါးကြီးဆီ ဦးတည်ကာ အမိန့် ပေးလိုက်သည်။
“အောင်း”
ဆင်ကြီးသည် အပြေးအလွှားသွားကာ တံခါးကြီးကို ဦးကင်းနှင့်တိုက်ချလိုက်ရာ တံခါးကြီး ပွင့်သွားလေ တော့သည်။
“ဝုန်း”
မင်းတုပ်က ဟသွားပြီး တံခါးကြီးနှစ်ချပ်ပွင့်သွားသည်ကို ဆင်ပေါ်မှ လူငယ်လေးကကြည့်ပြီး
“ဘိုးဘိုးတို့ … သော့ကို ကျွန်တော်မျိုး ထိတောင် မထိပါဘူးခင်ဗျာ။ ဒါပေမဲ့ တံခါးကြီးကတော့ ပွင့်သွားပါပြီ။ တာဝန်ကျေပါပြီ”
လူငယ်လေးက ဆင်ကို နောက်ပြန်ဆုတ်ခိုင်းပြီး လာရာလမ်းကို ပြန်မည်ပြုရာ
“ဟေ့ … ဟေ့ … သူငယ် … နေပါဦးကွယ်။ တံခါးဖွင့်နိုင်သူ ဆုကိုယူတဲ့ကွယ့် ။ လူတော်ဆုကို လက်ခံယူစေ”
“ဟား … ဟား … ဟား … ရယ်ရတယ်။ တံခါးဖွင့်နိုင်တာ ဆင်ပါခင်ဗျာ။ သူ့ကိုဆုပေးလို့လည်း သူက ဂရုမစိုက်ပါ။ ကျွန်တော်မျိုးကလည်း ပိတ်ထားတာမှန်သမျှ ဖွင့်မရဘူးဆိုတာကို လက်မခံဘူးခင်ဗျ။ ဒါကြောင့် ဖွင့်ပြလိုက်တာ။ သွားဦးမယ်ခင်ဗျာ။ ဆင်လည်းမော … လူလည်း ထမင်းလည်းဆာနေပြီ”
လူငယ်က ဆင်ကြီးကိုစီးကာ ထွက်သွားသည်။ ပါးစပ်ကလည်း သီချင်းကို အော်ဟစ်ကာ ဆိုသွားသေးသည်။
“ရွှေပြည်ကြီးရယ်တဲ့ … နီးအောင်ဖန် … ခရီးတော် ဘယ့်နှယ်ဝေး … ဟေး … ဟေး”
မည်သို့ဆိုစေ
တံခါးကတော့ ပွင့်သွားပြီ။
တင်ညွန့်
Leave a Reply