တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးသည့် ဗိုလ်မှူးကြီး ၂ ဦးနှင့် ဒုတိယဗိုလ်မှူးကြီး ၂ ဦးကို အကြမ်းဖက် မင်းအောင်လှိုင်က သူရဘွဲ့ ပေးအပ်

■ နိုင်ငံတစ်ဝန်း နွေဦးတော်လှန်ရေး တိုက်ပွဲများတွင် သေဆုံးသွားကြသော စစ်အရာရှိများ၊ ရဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းအများစုကို စစ်ကောင်စီက ဘွဲ့များ ပေးအပ်

အကြမ်းဖက်မင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် သေဆုံးသွားကြသော စစ်အရာရှိများ၊ ရဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဘွဲ့များ ယနေ့ ပေးအပ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးသည့် ဗိုလ်မှူး ကြီး ၂ ဦးနှင့် ဒုတိယဗိုလ်မှူးကြီး ၂ ဦးကို သူရ ဘွဲ့ ပေးအပ်ကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဒီဇင်ဘာ ၇ ရက်နေ့တွင် တိုက်ပွဲကျ စစ်အရာရှိ ၄ ဦးကို စွမ်းရည်သတ္တိဂုဏ်ထူး ဆောင်ဘွဲ (သူရဘွဲ့) ၄ ဦး၊ သူရဲ ကောင်းမှတ်တမ်းဝင်တံဆိပ် ၃၅ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များ၊ ရဲသူရတံဆိပ် ၅ ဦး၊ ရဲဗလတံဆိပ် ၁၀၃ ဦး၊ စုစုပေါင်း ၁၄၇ ဦးတို့ကို ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထူးခြားချက်အနေဖြင့် သူရဘွဲ့ ရရှိကြသည့် ဗိုလ်မှူးကြီးအောင်ဇေယျာဝင်း၊ ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း၊ ဒုတိယဗိုလ်မှူးကြီး စိုင်းကမ္ဘာစိုး၊ ဒုတိယဗိုလ်မှူးကြီး သူရိန်တို့မှာ တော်လှန်ရေးတပ်များ၏ စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် သေဆုံးသွားကြရသူများဖြစ်ကြကြောင်း သိရှိရသည်။

သူရဘွဲ့ပေးအပ်ခံရသူ ဗိုလ်မှူးကြီး အောင်ဇေယျာဝင်း(ခ) အရှည်ကြီးမှာ မူဆယ်မြို့၊ လုံခန်း စစ်တပ် စခန်းသိမ်းတိုက်ပွဲတွင် သေဆုံးသော ခလရ ၇၉ ခြေ လျင် တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဇေယျာဝင်း(ခ) အရှည် ကြီး ပင်ဖြစ် ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်အချိန် MNDAA က ကျင်းစန်းကျော်နယ်စပ်ဂိတ်၏တောင်ဘက်ခြမ်း လုံခန်းစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ခလရ ၇၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျာဝင်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” ခလရ ၇၉ က မိတ္ထီလာတပ်။ ကျသွားတာက တပ်ရင်းမှူ ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျာဝင်း(ခ) အရှည်ကြီး။ စစ်တက္ကသိုလ် DSA အပတ်စဥ် ၄၅ ပါ” ဟု မိတ္တီလာတပ်နယ်မှ စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် သူရဘွဲ့ ပေးအပ်ခံရသူ ဗိုလ်မှူးကြီး မျိုးကိုကိုဝင်းမှာ မွန် ပြည် နယ်၊ ကျိုက်မရော၊ ချောင်းနှစ်ခွစစ်စခန်းကို KNLA တိုက်ခိုက်စဉ် နိုဝင်ဘာလ ၂၇ ရက်နေ့ သေဆုံးသွားသော ခမရ ၅၅၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်းဖြစ်သည်။

တနင်္သာရီတိုင်း အခြေစိုက် ခမရ ၅၅၇ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဦးဆောင်သော တပ်ဖွဲ့ကို စစ်တပ်က ရဟတ် ယာဉ်ဖြင့် ယခုလလယ်ပိုင်းတွင် ချောင်းနှစ်ခွစခန်းသို့ ပို့ဆောင်ပြီး စခန်း မကျစေရေး ကွပ်ကဲ တိုက်ခိုက်စေခဲ့ကြောင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းသည် ချောင်းနှစ်ခွစခန်းတွင် အထိုင်ချ၍ ကွပ်ကဲ ကြီးကြပ်ခဲ့ကြောင်း၊ ယခင်နေ့များတွင် ဒရုန်းဖြင့် ဗုံးကျဲခံရသဖြင့် ပုခုံးနှင့်လက်မောင်းတွင် ဗုံးစများ ထိမှန်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ဒဏ်ရာရှိနေသည့်ကြားမှ ဆက်လက်တိုက်ပွဲကို ကြီးကြပ်ကွပ်ကဲခဲ့ရာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စနိုက်ပါ ပေါင်တွင် ထိမှန်ပြီး သွေးထွက်လွန်သဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွား‌သော ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းသည် ၂၀၂၂ ခုနှစ် ၊ စက်တင် ဘာလတွင် ခမရ ၄၃၂ ၏ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထိုအချိန်ကလည်း KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရှေ့တန်း စစ်မြေပြင်တွင် ဒရုန်းဗုံးထိမှန်ခဲ့၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း ၊ ယင်းနောက် ဘုတ်ပြင်းမြို့နယ် ခမရ ၄၃၂ တပ်ရင်းမှူး အဖြစ်မှ ခမရ ၅၅၇ တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ သူရဘွဲ့ရရှိသူ ဒုတိယဗိုလ်မှူး ကြီး သူရိန်သည် နိုဝင်ဘာလ ၂၁ ရက်နေ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းဆတ်မြို့နယ်၊ မိုင်းကျက်ကျေးရွာ တိုက်ပွဲတွင် သေဆုံးခြင်းဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၄၇ ကျောင်းဆင်းဖြစ် ကြောင်း သိရှိရသည်။

အခြားသော သူရဲ ဘွဲ့ရ ဒုတိယဗိုလ်မှူးကြီး စိုင်းကမ္ဘာစိုး မှာလည်း နွေဦးတော်လှန်ရေးတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးသွားသော စစ်အရာရှိဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ၎င်း သေဆုံးသည့် တိုက်ပွဲနေရာများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးသူ စစ်အရာရှိကြီး ၄ ဦးကို မင်းအောင်လှိုင်က သူရဘွဲ့ပေးအပ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *