ကိုးကန့်၊ တာရင်တောင်အနီးနှင့် ကုန်းကြမ်းဒေသတွင် စစ်တပ် အကြွင်းအကျန်အဖွဲ့ များကို MNDAA က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးကို အရှင်းဖမ်းမိ

ကိုးကန့်၊ တာရင်တောင်အနီးနှင့် ကုန်းကြမ်းဒေသတွင် စစ်တပ် အကြွင်းအကျန်အဖွဲ့ များကို MNDAA က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးကို အရှင်းဖမ်းမိ၊ တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအလောင်းတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်တွေ့ရှိရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်၊ တာရင်တောင်အနီးနှင့် ကုန်းကြမ်းဒေသမှ စစ်တပ် အကြွင်းအကျန်တပ်ဖွဲ့ဝင်များကို MNDAA က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးကို အရှင်းဖမ်းမိကြောင်း၊ တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအလောင်းတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်တွေ့ရှိရကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၇ ရက်မှ ၈ ရက်နေ့အထိ ကိုးကန့်တုန်ရှမ်းဒေသ တာရင်တောင်နှင့် လောက်ရှုကုတ်နေရာတကြော တွင် စစ်ကောင်စီတပ်ဖွဲ့သည် အင်အားငယ်များကိုပြန်လည်စုဖွဲ့နေသဖြင့် MNDAAက အဆိုပါ စစ်သားများကို တိုက်ခိုက်ခဲ့ကြောင်း၊ မြောက်ဘက်ခြမ်း ရှီရှမ်းဒေသတကြောတွင် MNDAAက ဆက်လက်၍ စစ်ကောင်စီအကြွင်းအကျန်အဖွဲ့များရှင်းလင်းသုတ်သင်ရန် ဆောင်ရွက်နေဆဲရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန် လောက်ကိုင်တုန်ချိန်ရပ်ကွက်တပ်စွဲထားသော စစ်ကောင်စီအင်အားတစ်စုက MNDAA က သိမ်းပိုက်လိုက်သော ရှောက်ရင်တောင်(တာရင်တောင်နှင့် SiMianFo၏အစိတ်အပိုင်းတစ်ခု)သို့ ချီတက်လာရာ MNDAAက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ MNDAAက အဖွဲ့ငယ်များခွဲပြီး တုန်ချိန်ရပ်ကွက် ဝေါ့ဟူ အပန်ဖြေစခန်း ၊ တာရင်တောင်အောက်ခြေနှင့် ရှောက်ရင်တောင်အောက်ခြေသို့ဝင်ရောက်ပြီး ပုန်းအောင်းနေသော သောစစ်ကောင်စီအဖွဲ့ဝင်အချို့ကိုရှင်းလင်းခဲ့ကာ ကြားတွင် တိုက်ပွဲကြိုးကြားကြိုးကြား ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်တွင်လည်း ဟွာရှိပန်နေရာတွင် စစ်ကောင်စီစစ်သုံ့ပန်း ၁ ယောက်ဖမ်းဆီးရရှိခဲ့ပြီး တာရင်တောင်မှ စက်သေနတ်ကြီး ၃ လက် ၊ စိန်ပြောင်း ၁ ခု ၊ ရိုင်ဖယ် ၅ လက်နှင့် ခဲယမ်းပစ္စည်းအမြောက်အမြားသိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ယင်းအပြင် ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန် လောက်ကိုင်တွင် အခြေချနေထိုင်သော စစ်ကောင်စီအင်အား တစ်စုက MNDAA၏ လောက်ရှုကုတ်နောက်တောင်ကုန်းနေရာရှိခံတပ်တစ်ခုသို့ ချီတက်ရာ MNDAAက တွေ့ရှိပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် စစ်ကောင်စီတပ်သားများ နောက်ပြန်ဆုတ်အောင် တိုက်ခိုက် နိုင်ခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုအသေးစိတ်မသိရသေးကြောင်း သိရှိရသည်။

အလားတူ ရှီရှမ်းဒေသတလျှောက်တွင် MNDAA သည် ကုန်းကြမ်းစခန်းမှ ထွက်ပြေးသွားသောစစ်ကောင်စီအကြွင်းအကျန် အဖွဲ့ဝင်များကို ဆက်လက်၍လိုက်လံရှင်းလင်းနေဆဲဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၇ ရက်နေ့ ရှီရှမ်း‌ဒေသ ဖုန်းချွင်တောင်နှင့် ရှောက်ကိုင်ကြည်နေရာသို့ ထွက်ပြေးပုန်းအောင်း လာသော စကစ စစ်ပြေးအဖွဲ့များကို ပစ်ခတ်ရာ စစ်သား ၂ ယောက်သေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၁ ယောက် ဖမ်းဆီးရရှိကြောင်း၊ ထို့ပြင် လိမ်ရှမ်နေရာတွင် စစ်ကောင်စီအဖွဲ့ဝင် ၄ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၇ ရက်နေ့ ညတွင် ရှောက်ကိုင်ကြည်နေရာတွင် ဗိုလ်ကြီးအဆင့် စစ်အရာရှိ ၁ ဦး ဖမ်းဆီးရပြီး လိမ်ရှမ်နှင့် ရှောက်ပိုက်အိုက် နေရာတွင် စစ်သား ၁၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၊ သေဆုံးသူ စစ်သား ၁၁ ဦးတွင် တပ်ကြပ်ယူနီဖောင်းဝတ်ဆင်ထားသော ရုပ်အလောင်းပေါ်တွင် ဗိုလ်မှူးချုပ်အဆင့်တံဆိပ်ကိုတွေ့ရှိရကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *