မုံရွာ၊ အရာတော်နှင့် ဘုတလင်မြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စွဲရာနေရာများအား ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာ၊ အရာတော်နှင့် ဘုတလင်မြို့နယ်တို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲရာ နေရာများအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဒီဇင်ဘာ ၂ရက် ညနေက ဘုတလင်မြို့ရှိ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)နှင့် ရဲစခန်း၊ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ဘုတလင်မြို့ကြေးရုပ်အနီးနှင့် မိုးကျောင်းရှေ့ရှိ စစ်ကောင်င်္စတပ်သားများအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက် ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဒီဇင်ဘာ၄ ရက်ကပင် အရာတော်မြို့နယ်၊သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်သားများအား သုံးကြိမ်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Chindwin Brothers (DGF-တပ်ခွဲ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းတွင် မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သားများနှင့် သာစည်ရဲစခန်းတို့ကို ဗုံးဖြင့် သုံးကြိမ်ချ တိုက်ခိုက်ခဲ့သည်။

သာစည်ရဲစခန်းဖြစ်စဥ်တွင် ဘန်ကာပျက်စီးပြီး စစ်သား နှစ်ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသူများကို မုံရွာဆေးရုံသို့ ကားဖြင့် သယ်ဆောင်သွားကြောင်း Chindwin Brothers (DGF-တပ်ခွဲ)အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“သာစည်ရဲစခန်းက အထိဆုံးပဲ။ ဘန်ကာတဲပါမြောက်တက်သွားတာ။ မိန်းမတွေကော ငိုနေကြတာ။ အကောင်ကြီးထဲကဖြစ်နိုင်တယ်။ တခြားနေရာတွေလည်း အထိအခိုက်များတယ်။”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းကလည်း ဘုတလင်မြို့မိုးကျောင်းရှေ့နှင့် ဗန္ဓုလကြေးရုပ်အနီးရှိ စစ်ကောင်စီတပ်သားများအား ဗုံး သုံးကြိမ်ချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

ဒရုန်းစစ်ဆင်ရေးများတွင် ထိခိုက်မှုများရှိပြီး ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို Chindwin Brothers (DGF-တပ်ခွဲ)နှင့်အတူ ကနီ(B21)၊ မြို့နယ်အုပ်ကြီးများ(ဘတလ)၊ တပင်ရွှေထီး၊ တကိုယ်တော်ပျံလွှား၊ မုံရွာခရိုင်တပ်ရင်း(14)၊ Gaara BLDF၊ SRAF BLDF၊Future Star Monywa peple၊ Guerilla Forces၊ Special Forces(မုံရွာခရိုင်-CD)၊ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅) YMBတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Chindwin Brothers အဖွဲ့သည် မုံရွာ၊ ဘုတလင်၊ ယင်းမာပင်၊ ကနီမြို့နယ်များမှ ရဲဘော်များအား ဒရုန်းသင်တန်းများပို့ချပေးပြီး စစ်ဆင်ရေးများဆက်တိုက်ဆောင်ရွက်နေသည်ဟု သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *