“တာမွေ” သွေ။းစွန်းရပြန်ပီ💔🥀

တာမွေမှာ ဆန္ဒပြလူငယ်တွေကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး၊ နှစ်ဦးသေဆုံး

ရန်ကုန်မြို့ တာမွေမြို့နယ် သီတာလမ်းထိပ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက အရပ်ဝတ်တွေနဲ့ လာရောက်ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြလူငယ် နှစ်ဦးသေဆုံးပြီး ဆန္ဒပြအဖွဲ့ဝင်လူငယ်တချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ရန်ကုန်မြို့ပြ သပိတ်အင်အားစုတွေက ပြောပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ လောင်စာဆီဈေးနှုန်းမြင့်တက်တာ၊ လောင်စာဆီလုံလောက်မှုမရှိဘဲ ပြည်သူတွေ အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပေါ် ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုတွေက ကားလမ်းတွေပေါ်မှာ တာယာကွင်းတွေကို မီးရှို့ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“နှစ်ယောက်ကျဆုံးပါတယ်။ ရန်သူက ရန်သူလိုပဲ ဆက်ဆံတာပါ။ ယူနီဖောင်းတောင် မဝတ်ရဲဘဲ အရပ်ဝတ်နဲ့ ဖမ်းဆီးပစ်သတ်တယ်ဆိုထဲက သူတို့ရဲ့လုပ်ရပ်ကိုသာ စဉ်းစားကြည့်ပါ”

သေဆုံးသွားတဲ့ လူငယ်နှစ်ဦးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ဖမ်းဆီးခံထားရတဲ့ လူငယ်အရေအတွက်ကိုစုံစမ်းနေဆဲ ဖြစ်ပါတယ်။

တာမွေမြို့နယ်အတွင်း နေထိုင်နေသူတွေကတော့ ပေါက်ကွဲသံကျယ်ကျယ်လောင်လောင် ကြားလိုက်ရပြီး ညပိုင်းအချိန်အထိ လုံခြုံရေးအဖွဲ့ဝင်တွေ လှည့်လည်သွားလာနေတာကို မြင်တွေ့ရတယ်လို့ ပြောပါတယ်။

“တာယာမီးရှို့ပြီး ကားလမ်းကူး ပြေးတဲ့အချိန်မှာ အရပ်ဝတ်တွေက သေနတ်တွေနဲ့လိုက်ပစ်တာ။ လဲကျပြီး သေနတ်မှန်သွားတဲ့အချိန်မှာလည်း သွေးတွေ ထွက်နေတာတောင် ဘာမှ မလုပ်ဘဲ အကြာကြီး ပစ်ထားတာ။ သွေးထွက်လွန်တာနဲ့တင် သေမယ့်အခြေအနေ”

တာမွေတွင် ဆန္ဒပြလူငယ် ၂ ဦး ပစ်သတ်ခံရမှုကို မျက်မြင်တွေ့ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

ရန်ကုန်၊ မြို့နယ်တချို့တွင် ယမန်နေ့ညနေပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ကားလမ်းပေါ် တာ ယာ မီးရှို့ဆန္ဒပြကြရာ တာမွေမြို့နယ်၊ သီတာလမ်းထိပ် ဆန္ဒပြပွဲတွင် ဆန္ဒပြ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်သဖြင့် ကျဆုံးကာ သပိတ်အဖွဲ့ဝင်လူငယ်တချို့ အဖမ်းခံခဲ့ရသည်။ ယင်းအခြေအနေနှင့်ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မနေ့ က တာမွေမှာ လူငယ်တွေ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်ကို မြင်ခဲ့သလောက်ပြောပေးပါဦး။

ဖြေ။ ။ ဖြစ်တာက ညနေ ၆ နာရီကျော်ပြီ ၇ နာရီဝန်းကျင်လောက်ရှိမလား မသိဘူး။ အချိန်အတိအကျတော့ မမှတ်မိဘူး။ လူငယ်လေးတွေ ၅ ဦးလောက်ရှိမယ်ထင်တယ်။ ကားလမ်းပေါ်တက်လာပြီး မီးရှို့တယ်။ တာယာကွင်းတစ်လုံးချတယ်။ ပြီးတော့ ချက်ချင်း သူတို့ ပြန်ပြေးသွားတာ။ အဲဒီအချိန် အရပ်ဝတ်တွေနဲ့ လူတွေ ၈ ဦးလောက်ရှိမလားပဲ။

နေရာပေါင်းစုံက ထွက်လာပြီး နောက်ကနေ လိုက်တာ။ ညာသံပေးလိုက်တာ။ သေနတ်တွေလည်းပါတယ်။ ကားလမ်းမကြီးပေါ်ကနေ လမ်းထဲ မရောက်ခင်မှာ စပစ်တာပဲ။ ဖြစ်တဲ့နေရာက တာမွေရဲစခန်းနဲ့ အတော်နီးတဲ့နေရာမှာ ရှိနေတာ။

မေး။ ။ ပစ်တော့ ထိသွားလား။

ဖြေ။ ။ ပစ်တာက ဆက်တိုက်ပဲ။ ပထမ ပစ်ပစ်ချင်း မထိဘူး။ နောက်အချက်တွေမှာ ထိပြီး လူငယ်လေးတစ်ဦးလဲသွားတယ်။ အဲဒီအချိန်က လမ်းပေါ်မှာကားလည်း ရှင်းနေတယ်။ လူတွေလည်း ရှင်းနေတယ်။ ကျနော်မြင်လိုက်တာကတော့ လူငယ် ၁ ဦးထိပြီး လဲသွားတယ်။ အဝေးကနေ လှမ်းကြည့်တာတော့ ကျည်ထိသွားတဲ့ လူငယ်က လှုပ်ကို မလှုပ်တော့ဘူး။ အဲဒီလူငယ်ကို အရပ်ဝတ်တွေက ပစ်ထားပြီး နောက်ထပ် လူငယ်တွေကို ပြေးလိုက်တယ်။ သေနတ်သံတွေလည်း ထပ်ကြားရတယ်။ သေနတ်သံက မရှိဘူးဆိုရင် အနည်းဆုံး ၄ ၊ ၅ ၊ ၆ ချက်ပဲ။

မေး။ ။ လူငယ် ၂ ဦး သေတယ်လို့ သတင်းတွေသိထားတာ ၁ ဦးပဲ ထိတာ မြင်လိုက်တာလား။

ဖြေ။ ။ လူငယ် ၂ ဦး ထိတာ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ပြေးနေတဲ့ လူငယ်တွေကို နောက်ကနေ သေနတ်နဲ့ ချိန်ပြီး ဆက်တိုက် ပစ်တာ။ ကျနော့်အထင် ရုပ်ရှင်တွေထဲမှာလို ဆက်တိုက် အော်တို အချက်ပေါင်းများစွာ ပစ်လို့ရတဲ့ သေနတ်မျိုးတွေ။ သေနတ်က ဆက်တိုက် ပစ်တာ။ ကျနော်မြင်လိုက်ရတဲ့ လူငယ်တောင် ထိတာနဲ့ ခွေကနဲ လဲကျသွားတာ။ မလှုပ်ဘူး။ အဲဒါကို ပစ်ထားပြီး ထွက်ပြေးတဲ့ အခြားလူငယ်တွေကို ညာသံပေးပြီး လိုက်ပစ်တာဆိုတော့ လူငယ် ၂ ဦး ထိပြီး သေတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။
ကျနော်မြင်လိုက်တာကတော့ ၁ ဦးတည်း လဲကျသွားပြီး မလှုပ်တော့တာပဲ မြင်တယ်။ သေနတ်သံတွေ ထပ်ကြားရတော့ နောက်ထပ်လူငယ် ၁ ဦး ထပ်ထိပြီး သေတာဖြစ်နိုင်တယ်။ သူတို့ ပြေးလိုက်သွားပြီး ပစ်တာကို ကျနော် လိုက်ပြေးကြည့်လို့မရဘူးလေ။ တကယ်တမ်း ပစ်တဲ့အချိန်မှာ အကုန်လုံး အနားက လူတွေပါ ပြေးကုန်ကြတာ။ ကျနော်က ကားရပ်ထားတာရယ်၊ ကျနော်ရပ်နေတဲ့ နေရာက မြင်ကွင်းကို သေချာမြင်နေရတာရယ်ကြောင့်ပါ။

မေး။ ။ ဒီဖြစ်စဉ်ကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ လူငယ်လေးတွေမှာ ဘာလက်နက်မှ လည်း မပါဘူး။ တာယာမီးရှို့ ဆန္ဒပြပြီး ထွက်ပြေးတာ နောက်ကနေ အမဲလိုက်သလို အော်တိုသေနတ်တွေနဲ့ပစ်တာ။ အရမ်းရက်စက်တယ်။ လူငယ်လေးတွေက ကျနော့်အထင် ၁၈ နှစ်အောက်လေးတွေ ဖြစ်မယ်။ ၉ တန်း ၊ ၁၀ တန်းကျောင်းသားလေးတွေလောက်ပဲ ဖြစ်မယ်။ အရပ်နဲ့ အရွယ်ကို မှန်းကြည့်ရတာ။ စိတ်ထဲတော့ အဲဒီမြင်ကွင်းက အခုအချိန်အထိ မထွက်သေးဘူး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *