ပြင်ပစျေးကွက်တွင် 92 ဓာတ်ဆီတစ်လီတာ ၇၀၀၀ ကျပ်အထိ စျေးတက်လာ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စက်သုံးဆီဆိုင်များတွင် နံနက်ပိုင်းနှင့် ညပိုင်း ခဏတာသာ ဆီဝယ်လို့ရပြီး ဆီအကုန်မြန်နေ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ စက်သုံးဆီဆိုင်အများစုတွင် ဆီရောင်းချသည့် အချိန်သည် နာရီပိုင်းသာကြာမြင့်ပြီး ဆီအကုန်မြန်သဖြင့် အချိန်များ ခွဲ၍ ရောင်းချနေကြောင်း ဆီဝယ်ယူကြသည့် ကားပိုင်ရှင်နှင့် မော်တော်ဆိုင်ကယ်ပိုင်ရှင်များက ပြောဆိုကြသည်။

“ကျနော်တို့ဆို မနက် ၄ နာရီလောက်မှာ တန်းစီတယ်။ တချို့လူတွေက လမ်းပေါ်မှာ ကားထားခဲ့တယ်။ ကားမှန်မှာ ဖုန်းနံပါတ်လေးတွေ ရေးထားပြီး ကားကို ဆီဆိုင်ရှေ့တန်းစီပြီး ရပ်ခဲ့တာ။ အဲဒါ မနက် ၅ ခွဲလောက်ဆို ဆိုင်တွေက စရောင်းတယ်။ မနက် ၉ ခွဲ ၊ ၁၀ နာရီလောက်ဆိုရင် ဆီကုန်သွားပြီ။ ညနေမှ ပြန်ပေးမယ်ဆိုပြီး ဆိုင်းဘုတ်ထောင်တယ်။ ဆိုင်းဘုတ်မှာကတော့ သီလဝါမှာ ဆီထုတ်မှာမို့ ဆီသယ်ယာဉ် ပြန်လာမှ ရောင်းမယ်‌ပေါ့။ အဲဒါ တစ်ရက်တည်းမဟုတ်ဘူး။ ဒီဇင်ဘာ ၆ ၊ ၇ ၊ ၈ ၊ ၉ ရက်တွေမှာ ၄ ရက်လုံး အဲဒီလိုဖြစ်နေတယ်။ ဆိုင်တိုင်းဖြစ်နေတာ” ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

နေပြည်တော်နှင့် ပျဉ်းမနားရှိ စက်သုံးဆီဆိုင်အများစုတွင် ဓာတ်ဆီ 92 ရသည့်ဆိုင် ၊ 95 တစ်မျိုးတည်းသာ ရောင်းသည့်ဆိုင်၊ ဒီဇယ် PD သာ ရောင်းသည့်ဆိုင် စသည့်ဖြင့် ပုံစံအမျိုးမျိုးအထွေထွေဖြစ်နေပြီး ဆီအားလုံးရသည့် ဆိုင်ရှားပါးကြောင်း၊ စက်သုံးဆီ အမျိုးအစား အားလုံးရသည့်ဆိုင်ဆိုလျှင်လည်း ၂ နာရီခန့် ဆီရောင်းပေးပြီးနောက် ကုန်သွားလေ့ရှိကြောင်း သိရှိရသည်။

“ပျဉ်းမနားမှာလည်း ဆိုင်ကယ်တွေ၊ ဘေးတွဲတွေ အကုန်တိုးနေကြရတာပဲ။ လူတွေလည်း ဝဋ်ဒုက္ခလိုဖြစ်နေတယ်။ ဆိုင်တွေအားလုံးကတော့ 92 နဲ့ 95 အဓိက ရောင်းကြတယ်။ ဒီဇယ် PD ကတော့ တချို့ဆိုင်တွေလောက်ပဲ ရောင်းကြတယ်။ အပြင်မှာတော့ ဓာတ်ဆီ တစ်လီတာ တစ်ဗူးကို ၇၀၀၀ လောက် စျေးခေါ်တယ်။ တကယ်တန်း အရေးကြီးတဲ့သူက ၇၀၀၀ လည်း ဂရုမစိုက်နိုင်ဘူး။ ဆိုင်ကယ်ထဲ ထည့်ပြီး သွားလာနေရတာပဲ” ဟု နေပြည်တော်ပျဉ်းမနား ပစ္စည်းများ သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသည့် လုပ်သားတစ်ဦးက ရှင်းပြသည်။

မန္တလေးတွင်လည်း ဆီဆိုင်တိုင်း လိုလို ဆီတန်းစီကြသူများနှင့် ကြိတ်ကြိတ်တိုးဝှေ့နေကြရပြီး နံနက်ပိုင်းနှင့် ညနေပိုင်း ၂ ချိန်သာ အဓိက ဆီဝယ်ယူရရှိပြီး နေ့လယ်ပိုင်းတွင်မူ ဆီဆိုင်များရှေ့တွင် ကားတန်းကြီးများ၊ ဆိုင်ကယ်တန်းကြီးများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“မနက်တိုးလို့ ဆီကုန်သွားပြီဆိုရင်လည်း ဆီဆိုင်ရှေ့မှာပဲကားရပ်ထားပြီး ညနေ ပြန်စောင့်ကြတယ်။ လူတွေက တစ်နေကုန် ဆီဆိုင်နားမှာပဲ တန်းစီနေကြတာ။ အခုတော့ ဆီတန်းစီတဲ့အနားမှာ ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေတောင် ရေသန့်ရောင်း၊ ချိုချည်ရောင်း အစားအစာရောင်း လုပ်နေကြတယ်။ ဒီလောက် ဖြစ်ပျက်တာမျိုးတော့ မကြုံဖူးသေးဘူး” ဟု မန္တလေးမြို့ခံတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီဘက်ကမူ လက်ရှိတွင် အမေရိကန်ဒေါ်လာကို မူဝါဒ အပြောင်းအလဲအရ စျေးကွက်ပေါက်စျေးဖြင့် ရောင်းဝယ်ခွင့်ပြုပြီးနောက် ဆီသမားများထံ ဒေါ်လာ ရောင်းချမှု ရပ်ဆိုင်းခြင်း၊ ဒေါ်လာရှားပါး ပြတ်လပ်ခြင်းတို့ကြောင့် စက်သုံးဆီကို ပြည်တွင်းသို့ အလျဉ်မီအောင် တင်သွင်းနိုင်ခြင်းမရှိတော့ကြောင်း စုံစမ်းသိရှိရသည်


Comments

Leave a Reply

Your email address will not be published. Required fields are marked *