မုံရွာတွင် ရိက္ခာဝယ်ပြန်လာသော တပ်ကြပ်ဟောင်းတစ်ဦးပစ်သတ်ခံရပြီး အတူပါ စစ်သမီးနှစ်ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်တပ်အတွက် ရိက္ခာဝယ်ပြန်လာသော တပ်ကြပ်ကြီးဟောင်းတစ်ဦး ပစ်သတ်ခံရပြီး အတူပါ စစ်သမီးနှစ်ဦးအား ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်က မုံရွာမြို့ အမတ(၅၀၈)အမြှောက်တပ်ရင်းမှ တပ်ကြပ်ကြီးဟောင်း တင်ဝင်းဆိုသူ မောင်းနှင်လာသော ခွေးဘီလူး ရိက္ခာသယ်ယာဥ်အား PDF ရဲဘော်များက တားဆီးစစ်ဆေးခဲ့ကြောင်း ယနေ့(ဒီဇင်ဘာ ၈ရက်)တွင် Black Falcon Guerrilla Forces အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါယာဥ်အား လက်နက်များနှင့်ချိန်ရွယ်၍ တားဆီးပြီး ကားမောင်းသူ တပ်ကြပ်ကြီးဟောင်းအား ဆင်းခိုင်းခဲ့သည်။ ထို့နောက် ရဲဘော်တစ်ဦးက”ကျွန်တော်တို့တောင်းပန်ပါတယ်ဗျာ။ ဦးလေးရယ် လိုက်ပေးပါ။ တက်ပါ။ ခင်ဗျား မသတ်စေရဘူး။ လုံးဝ မသတ်ဘူး။ ကျွန်တော်တို့ PDF တွေပါ။”ဟု ပြောသည်။ ထို့အပြင် အခြားရဲဘော်များကပါ သတ်မည်မဟုတ်ကြောင်း ရှင်းပြခဲ့သည်ကို Black Falcon Guerrilla Forces အဖွဲ့ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင်တွေ့ရသည်။

ထိုအချိန် တပ်ကြပ်ကြီးဟောင်းသည် ရဲဘော်များအားပြန်လည် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း Black Falcon Guerrilla Forces အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဒီမစ်ရှင်က သူတို့အပြန်လမ်းကိုစောင့်ပြီး အမြှောက်တပ်ရောက်ခါနီး မီတာ ၁၀၀၀ကျော် လောက်အလို ကြားမှာ စောင့်ကြိုဖမ်းဆီးခဲ့တာ ဖြစ်လို့ အချိန်မရတဲ့အတွက်ကြောင့် ရှင်းလင်းခဲ့တာပါ။ ပုံမှန် ရိက္ခာထွက်ဝယ်တာက တပ်ကြပ်အဆင့်တစ်ဦးနဲ့တပ်သားတစ်ယောက် နှစ်ယောက်လာတာ။ ခုကလည်း သတင်းရရခြင်းပဲ တက်ဖမ်းတာ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

စစ်သမီးနှစ်ဦးကိုမူ မုံရွာမြို့နယ်(ပကဖ)မှတဆင့် သက်ဆိုင်ရာ တရားစီရင်ရေးသို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။

“တပ်ကြပ်ကြီးက အငြိမ်းစားပါ။ တစ်ယောက်က အမျိုးသမီးတပ်ဖွဲ့ခေါင်းဆောင်။ တစ်ယောက်က အရန်တပ်သားပါ။ နှစ်ယောက်လုံး လက်နက်ကိုင်ပြီး လုံခြုံရေးတာဝန်ယူနေရတဲ့သူတွေပါ။”ဟု Black Falcon Guerrilla Forces အဖွဲ့ခေါင်းဆောင် ကိုDe Monက ပြောသည်။

၎င်းတို့သည် အရပ်သားအယောင်ဆောင်လာ၍ လက်နက်ရရှိမှုမရှိကြောင်း သိရသည်။

Black Falcon Guerrilla Forcesနှင့် Democratic Local Coalition တပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ခွေးဘီလူးကားနှင့် လက်ကိုင် ဖုန်းသုံးလုံး၊ စစ်တပ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းခဲ့ကြောင်း အသိပေးထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *