တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်မှု စစ်ကောင်စီဘက်တော်သား ၆ ဦးဖမ်းမိပြီး KNA – Burma ရဲဘော် ၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း၊ အောင်ဇေယျကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်သတင်းပေး ၆ ဦးဖမ်းမိပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေကြောင်း ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်က တမူးမြို့နယ် အထက်ပိုင်း အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီနှင့် လက်အောက်ခံ တပ်ဖွဲ့များ၏ အခြေစိုက်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မှ သိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီတပ်မှ ထောက်လှမ်းရေးသို့မဟုတ် စစ်တပ်အတွက် သတင်းပေး သူဟု ယူဆရသော ၆ ဦးကို လက်ရဖမ်းဆီးရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စန်ကို ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ ကူကီးအမျိုးသားတပ်မတော် (မြန် မာပြည်) KNA-Burma နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု (PDF) များမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အောင်ဇေယျစစ် တပ်စခန်းသည် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့၊ကသည်း (UNLF) တပ်ဖွဲ့နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ အခိုင်အမာတပ်စွဲထားသည့် အခြေစိုက်စခန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ပွဲအတွင်း ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma မှ အသက် ၂၅ နှစ်အရွယ် တပ်သား Lettinpao နှင့် ခရိုင်ပူး‌‌ပေါင်းတပ်ဖွဲ့မှ အသက် ၂၂ နှစ်အရွယ် တပ်သား မောင် ဝေယံဖြိုးတို့ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ပြီး အခြားတပ်သား ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးသော်လည်း လက်ရှိအချိန်အထိ အကြမ်းဖက် စစ် ကောင်စီတပ်က လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *