မုန်းတိုက်ပွဲ လက်နက်ချသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်သား၏သား PDF ရဲဘော်က ကြိုဆိုပြီး စစ်အာဏာရှင်စနစ်မကြိုက် တော်လှန်နေကြောင်းရှင်းပြ

“ခင်ဗျားတို့ကိုမသတ်ဘူး။ စနစ်ကိုပြောင်းဖို့ အတွက် တော်လှန်နေတာ ။ ခင်ဗျားတို့ကို မုန်းလို့ ကျနော်တို့က စစ်တိုက်နေတာမဟုတ်ဘူး၊ တော်လှန်နေတာမဟုတ်ဘူး။ ဘာမှ စိတ်မပူနဲ့”-PDF

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန် PDF ရဲဘော်များက ဖြောင့်ဖြပြောဆိုမှုနှင့် လက်နက်ချ အလင်းဝင်လာသူများအား အသက်အာမခံချက်ပေးကြောင်းရှင်းပြသည့် ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မုန်းမြို့ အခြေစိုက် ခမရ(၅၉၀) ၊ခမရ(၅၉၉) နှင့် မုန်းရဲစခန်းအပါအဝင် မုန်းမြို့ရှိ စစ်ကောင်စီတပ်များကို ဒီဇင်ဘာ ၂ရက်ညပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ချ အညံ့ခံသူစစ်ကောင်စီတပ်သား ၂၁ဦးရှိခဲ့သည်။

စစ်ကောင်စီတပ်သားများ လက်နက်ချရန် PDF ရဲဘော်များက ပြောကြားသည့် ရုပ်သံတွင်

“လာလာ ညီအကိုတို့” ၊ “ငါတို့ မင်းတို့ကို ရန်သူလို့ မသတ်မှတ်တော့ဘူး မင်းတို့ လက်နက်ချပြီး ထွက်လာခဲ့ပါ”

“ဟိုမှာထိုင် ခင်ဗျားတို့ကိုမသတ်ဘူး။ ခင်ဗျားတို့လုံခြုံသွားပြီ” ဟု ရဲဘော်များက ပြောကြားချက်ကို ကြားရသည်။

ယင်းသို့ ပြောဆိုပြီး မကြာမီ စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်ရောက်ခဲ့ရာ စစ်ကောင်စီတပ်သားများကို PDF ရဲဘော်များက ကောင်းမွန်စွာ ပြောဆိုဆက်ဆံခဲ့ကြသည်ကိုတွေ့ရသည်။

“သူတို့ကိုရေတိုက်လိုက်” ၊ “ခင်ဗျားတို့လူတွေကို လှမ်းအော်လိုက် လက်နက်ချဖို့လှမ်းအော်လိုက်။ ခင်ဗျားတို့ကို မသတ်ဘူး။ ကျနော်တို့က စနစ်ကိုပြောင်းဖို့ အတွက် တော်လှန်နေတာ ။ ခင်ဗျားတို့ကို မုန်းလို့ ကျနော်တို့က စစ်တိုက်နေတာမဟုတ်ဘူး တော်လှန်နေတာမဟုတ်ဘူး။ ဘာမှ စိတ်မပူနဲ့” ဟု PDF ရဲဘော်များ က ပြောဆိုနေသည်ကို ကြားရသည်။

ထို့ပြင် PDF ရဲဘော်ထားထဲ၌ပင် စစ်ကောင်စီတပ်ဖွဲ့ မိသားစုဝင်များပါဝင်ကြောင်း အသိပေးသည်။

“ကျနော်တို့ထဲမှာဆိုရင် တပ်မိသားစုဝင်တွေချည်းပဲ။” “ကျနော်ဆို စစ်သားသား ဘာမှ မဖြစ်ဘူး၊ ခံယူချက်တွေမကြိုက်လို့ ဝင်လာတာ” PDF ရဲဘော် ၂ဦး၏ ပြောကြားချက်ကိုကြားရသည်။

တစ်ဖက်တွင်လည်း လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး၏ ဖုန်းကိုယူပြီး PDF စစ်ကြောင်းမှူးက စစ်ကောင်စီအရာရှိထံ ဆက်သွယ်ခဲ့သည်ကိုလည်း ရုပ်သံ၌ တွေ့ရသည်။

“ ရဲမှူး ထွန်းဇော်လား။ ခင်ဗျားတို့တပ်ရင်း တစ်ရင်းလုံး ကျသွားပြီ ဘယ်လိုလုပ်မတုန်း။ ကျနော်ကိုင်နေတာ။ အခု PDF ဘက်က စစ်ကြောင်းမှူးပဲ။ ဘယ်လိုလုပ်ရမလဲ။ ခင်ဗျားတို့လူတွေက အန္တရာယ်ကင်းသွားပြီ။ခင်ဗျားတို့ပဲ ကျန်တော့တယ်။ ဖုန်းချသွားပြီ” ဟု PDF စစ်ကြောင်းမှူး၏ ပြောကြားသံကြားရသည်။

ထိုသို့ မေးမြန်းသော်လည်း စစ်ကောင်စီအရာရှိက ၎င်းတို့၏ လက်အောက်ခံ ရဲဘော်များအရေးကို တုန့်ပြန်ဆွေးနွေးခြင်းမပြုဘဲ ဖုန်းချသွားသည်ကို တွေ့ရသည်။

“ကဲ ခင်ဗျားတို့လူကြီးတွေ သစ္စာမရှိဘူး သိလား” ဟု PDF စစ်ကြောင်းမှူးက လက်နက်ချစစ်ကောင်စီတပ်သားများအား ပြောဆိုသံကိုလည်း ကြားရသည်။

ထို့ပြင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသည့် တပ်မိသားစုဝင်များအား ကယ်ဆယ်မှု ပြုလုပ်သည့်မြင်ကွင်းကိုလည်းတွေ့ရသည်။ မုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သည် ၎င်းတို့ တပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို လေကြောင်းမှ ပစ်ခတ်ခြင်းအပြင် တပ်မိသားစုဝင်များကိုပါ ပစ်ခတ်ခဲ့၍ ကလေးမိခင်တစ်ဦး သေဆုံးခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

“ဒါတွေက တပ်မိသားစုတွေလား ရွာသားတွေလား”၊ “တပ်မိသားစုတွေ”၊ “ဆရာကြီး မြန်မြန်ကြိုပေးလိုက် ဒီအထဲရောက်ရင် နားရပြီ။ အသက်ကြီးတဲ့သူတွေ လာလာ။ ခင်ဗျားတို့ လေယာဉ်က ခင်ဗျားတို့ကိုပြန်လိုက်ပစ်နေတယ်။ ကျုပ်တို့က ပြောင်းပြန် ခင်ဗျားတို့ကိုပါ ပြန်ကယ်နေရပြီ” ဟု PDF စစ်ကြောင်းမှူးက ပြောသည်။

မုန်းမြို့ စစ်ဆင်ရေးကို KNLA၊ PDF၊ BPLA ပူးပေါင်းတပ်များက ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂ရက်မှ ၇ရက်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၁၂၀ဦး သေဆုံးကာ ၅၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်မှလည်း ကျဆုံးမှုရှိခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်၊ စစ်သေနတ်များ အများအပြားကို ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *