၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်နေပြီး ပြည်သူတစ်ရပ်လုံး ရရာနည်း၊ ရရာလက်နက်ဖြင့် စစ်ကောင်စီကို တော်လှန်ပုန်ကန်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင် ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်နေပြီး ပြည်သူတစ်ရပ်လုံး ရရာနည်း၊ ရရာနည်းလမ်းဖြင့် စစ်ကောင်စီကို တော်လှန်ပုန်ကန်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးသည် ၄၄ ရက်မြောက်နေ့ကို ရောက်လာသည့် တိုင်အောင် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် စစ်ဆင်ရေးကို တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက် များကို အထမြောက်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လက်ရှိ ကာလသည် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည် ဖော်နေခြင်းပင်ဖြစ်ကြောင်း သိရသည်။

စစ်ဆင်ရေး ဒုတိယအဆင့်တွင် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် ရောက်ရှိသည့်နေရာမှ တော်လှန်ပုန်ကန်ရန် အထူးအရေးကြီးကြောင်း၊ ထို့ကြောင့် ရရာနည်းလမ်း၊ ရရာလက်နက်ဖြင့် ရောက်ရှိသည့်နေရာမှ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ကြရန် တိုက်တွန်း လိုက်ကြောင်း၊ စစ်ဆင်ရေး၏ ဒုတိယအဆင့်၌ ပြည်သူတစ်ယောက်ချင်းစီ၏ ပူးပေါင်းပါဝင်မှုသည် အထူးအရေးကြီးပြီး ပြည်သူတစ်ယောက်ချင်းစီမှ ပြည်သူအားလုံး စစ်အာဏာရှင်အား တော်လှန်ပုန်ကန်ခြင်းသည် စစ်ဆင်ရေးဒုတိယအဆင့်၏ အဓိက ရည်မှန်းချက်ဖြစ်ကာ ပူးပေါင်းပါဝင်ကြရန်ကိုလည်း တိုက်တွန်းလိုက်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထု တစ်ရပ်လုံးတွင် တာဝန်ရှိသည်ကို မီးမောင်းထိုးပြလိုက်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးကို လိုလားသူမှန်သမျှသည် ယနေ့အချိန်တွင် ပုံစံတစ်မျိုးမျိုးဖြင့် ပါဝင်နေပြီးသူဖြစ်နေရမည်ဆိုသည်ကိုလည်း သတိပေး တပ်လှန့်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၅ နာရီ ၂၅ မိနစ်ခန့်တွင် နမ့်ခမ်းမြိုနယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို တအာင်းတပ်မတော် (TNLA) မှ ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်သည့် နောက်ပိုင်း အချိန်ကတည်းကပင် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က အဆိုပါ စခန်းမဆုံးရှုံးစေရန်အတွက် နမ့်ဖတ်ကာ တပ်စခန်းမှ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ တစ်ရက်တည်း၌ပင် Mi 35၊ Y12 ဂျက်ဖိုက်တာဖြင့် ၁၁ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် မန်တုံမြို့ရှိ အကြမ်းဖက် စစ်တပ် ၏ ခလရ -၁၃၀ တပ်စခန်းကို တအာင်းတပ်မတော် TNLA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ကွတ်ခိုင် မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နမ့်ဖတ်ကာတပ်စခန်းနှင့် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကွတ်ခိုင်တပ်စခန်းတို့ကို တအာင်းတပ်မတော် TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်ကလည်း ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့တပ်စခန်း နှင့် ကျောက်မဲတပ်စခန်းမှ ဟူစွန်ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ၁၁ ကြိမ်၊ ကျောက်မဲမြို့နယ်၊ ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းမှ အထက်ညောင်ကုန်း ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ၁၀ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၈ ရက်နေ့၌ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒု- ညောင်ပင်ကြီးရွာမှ အသက် ၂၂ နှစ်အရွယ် မွတ်ဆလင် အမျိုးသား ဆ ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပေါက်တောမြို့တွင်းတိုက်ပွဲများ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရက္ခိုင့်တပ်တော်က လိုက်လံ တိုက်ခိုက်ချက်ရှိကြောင်း၊ ပလက်ဝဒေသတွင်လည်း စစ်ကောင်စီ၏ ဗျူဟာစခန်းကုန်းများထဲမှ နှုးဘူးဗျူဟာအား အပြီး သတ်သိမ်းပိုက်ရရှိနိုင်ရေးနှင့် အတူ ပြန့်ကျဲနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လိုက်လံချေမှုန်းလျက်ရှိပြီး ပလက်ဝ ဒေသအတွင်းရှိ ပြည်သူကို အကြောင်းမဲ့ ပစ်ခတ်နေသည့် လက်နက်ကြီးစခန်းကုန်းများကို တိုက်ခိုက် ချေမှုန်းလျက်ရှိကြောင်း သိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို တစ်ရက်ပြီး တစ်ရက် ဆက်လက် အကောင်အထည်ဖော်လျက်ရှိပြီး ရည်မှန်းချက်များနှင့်အတူ မြန်မာတစ်နိုင်ငံလုံး မျှော်မှန်း ထားသော ရည်မှန်းချက်များကို မပြည့်ဝမချင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *