တရုတ်ကြားဝင်မှုဖြင့် မြောက်ပိုင်းအဖွဲ့များနှင့် ဆွေးနွေးခဲ့ဟု စစ်ကောင်စီသတင်းထုတ်ပြန်

စစ်ပွဲကို နိုင်ငံရေးအရ ဖြေရှင်းကြရန် တွေ့ဆုံခြင်းဟု စစ်ကောင်စီဆို

၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားလိုက်သည်။

တရုတ်အစိုးရ၏အကူအညီဖြင့် ပြုလုပ်ခဲ့သည့် ထိုဆွေးနွေးပွဲက ရှမ်းမြောက်စစ်ပွဲကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဆွေးနွေးပွဲတိုးတက်မှုအပေါ် မူတည်ပြီး ဒီဇင်ဘာလကုန်တွင် နောက်တစ်ကြိမ်တွေ့ဆုံမည်ဟုလည်း ၎င်းက ဆိုသည်။

ဆွေးနွေးပွဲတွင် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ တက်ရောက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

နေရာနှင့် အချိန်အပါအဝင် အသေးစိတ်အချက်အလက်များကိုတော့ ပြောကြားခဲ့ခြင်းမရှိပါ။

အထက်ပါ အကြောင်းအရာများကို စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနများကို ယနေ့ (ဒီဇင်ဘာ ၁၁) တွင် ပေးပို့သည့် အသံသွင်းဖြေဆိုချက်တွင် ဆွေးနွေးပွဲအကြောင်းကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အတွက် မြောက်ပိုင်းမဟာမိတ်တို့၏ တုံ့ပြန်ချက်ကိုဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *