ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ၊ ၂ မိုင်နီးပါးတန်းစီစောင့်နေရပြီး ရဲနဲ့ယဉ်ထိန်းလုံခြုံရေး ယူထား

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့မှာ လောင်စာဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာနေပြီး ၂ မိုင်နီးပါးခန့်ကို တန်းစီ စောင့်ဆိုင်းဝယ်ယူနေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြည်မြို့နယ်မှာ လောင်စာဆီပြတ်လပ်မှုက တရက်ပြီးတရက်ပိုဆိုးလာနေပြီး ဆီကုန်တဲ့ဆိုင် များနေလို့ ဝယ်ရတဲ့ဆိုင်တွေမှာ တိုးဝှေ့တန်းစီနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မနေ့က ညနေကဆို တိုးဝှေ့နေကြတာပဲ။ ကားတွေကော ဆိုင်ကယ်တွေရော အိုးဝေတွေပါ တန်းစီနေတာ ၂ မိုင်လောက်တောင်ရှိမယ်။ ဘဲဥတွေက လမ်းရှင်းပေးတယ်။ ရဲတွေက လုံခြုံရေးယူထားတယ်” လို့ မြို့ခံတဦးကပြောပါတယ်။

ဒီဇင်ဘာလဆန်းကတည်းက ဆီပြတ်လပ်မှု တကျော့ပြန်လာတာဖြစ်ပြီး ယမန့်နေ့ ဒီဇင်ဘာ ၁၀ ရက်က တိုးဝှေ့ဝယ်ယူနေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီနေ့မနက်လည်း ဆီတိုးနေကြတာ မိုးတောင်မလင်းသေးဘူး လမ်းတွေလည်းပိတ်တယ်။ ဆိုင်တော်တော်များများက ဝယ်မရတော့ ရတဲ့နေရာကိုပြုံတိုးနေကြတာ၊ တချို့ဆို တနေကုန်တယ်၊ အိမ်ကလူတယောက်က အချိန်ပေးပြီးတော့ကို တိုးပေးနေရတာ” လို့ မြို့ခံအမျိုးသားတဦး ကပြောပါတယ်။

လောင်စာဆီ‌ဈေးနှုန်းမှာလည်း ဓါတ်ဆီ ၁ လီတာကို ၃၀၀၀ ကျပ်နဲ့ မှောင်ခိုဈေးကွက် ၁ လီတာ ၄၀၀၀ ကျပ်ပေါက်နေပြီး လိုသလောက်ဝယ်ယူမရတာ၊ အချိန်အပိုင်းအခြားနဲ့ ရောင်းချတာတွေဖြစ်နေတယ်လို့ သိရပါတယ်။

အလားတူ မြန်မာနိုင်ငံမြို့ကြီးအများအပြားမှာ လောင်စာဆီရှားပါးပြတ်လပ်မှုနဲ့ လိုသလောက်ဝယ်ယူမရတာတွေ ဖြစ်နေပြီး စစ်ကောင်စီက လောင်စာဆီဈေးနှုန်းကို ရည်ညွှန်းအဖြစ် ဒေသအလိုက်လက်လီဈေးနှုန်း ၂၅၀၀ ဝန်းကျင်နှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ ပြည်နယ်ဒေသတွေမှာ ၂၆၀၀ ဝန်းကျင်သတ်မှတ် ပေးထားပေမယ့် မြေပြင်လက်ရှိဈေးနှုန်းမှာတော့ ၃၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ကြားမှာ ရှိနေပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top