မြို့နယ် ၅ခုရှိ စစ်ကောင်စီတပ်စခန်းများ ယနေ့တိုက်ခိုက်ရာ စခန်းသုံးခုသိမ်းနိုင်ဟု TNLA အသိပေး

နမ့်ခမ်းစခန်းသစ်ကုန်းတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ရိက္ခာ၊ ခဲယမ်းများပို့ဆောင်ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံနှင့် လားရှိုးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့(ဒီဇင်ဘာ ၁၁ရက်)တွင် တိုက်ခိုက်ခဲ့ရာ နမ့်ဆန်နှင့် လားရှိုးရှိ စစ်ကောင်စီစခန်း သုံးခုကို သိမ်းနိုင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။

PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ ၁၁ရက် တိုက်ပွဲသတင်းအချုပ်ကို ယနေ့ညပိုင်း၌ ထုတ်ပြန်ခဲ့သည်။

နမ့်ဆန်မြို့နယ် စစ်ကောင်စီ ပတ္တမြားစေတီ(ကောင်းမှုဆိုင်စခန်း)နှင့် နမ့်ဆန်ရဲစခန်း၊ လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းတို့ကို ယနေ့မနက်တွင် ရှင်းလင်းသိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြသည်။

မူဆယ်မြို့နယ် စစ်ကောင်စီ၏ (၁၀၅)မိုင်တပ်စခန်းကိုလည်း ယနေ့နံနက်တွင် MNDAA/AA/TNLA ညီနောင်သုံးဖွဲ့ပေါင်းပြီး ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ထို့ပြင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းကို ယနေ့ ညနေပိုင်း၌ TNLAက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ရာသို့ စစ်ကောင်စီ၏ နမ့်ဖက်ကာ တပ်စခန်းမှ လက်နက်ကြီးပစ်ကူ ၃၇ကြိမ်ပေး တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လေကြောင်း တိုက်ခိုက်မှု ၁၀ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်ရာတွင် ဖျက်အားပြင်း ပေါင်(၅၀၀)ဗုံးဖြင့် (၂)ကြိမ်၊ Y12 လေယာဉ်ဖြင့် ဗုံး(၁၁၂)လုံး ပစ်ကူးပေးတိုက်ခိုက်မှု ပါဝင်ကြောင်း ထုတ်ပြန်သည်။

မန်တုံမြို့နယ် စစ်ကောင်စီ ခလရ(၁၃၀) တပ်စခန်းကိုလည်း ယနေ့ ညနေပိုင်း၌ TNLAက တိုက်ခိုက်ခဲ့ရာ အဆိုပါ တပ်စခန်းကလည်း နမ့်ဆန်မြို့နယ်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဖော်ပြသည်။

နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းမှ နမ့်ဆန်မြို့နယ်ကျေးရွာပတ်ဝန်းကျင်ဘက်သို့ ဦးတည်ပစ်ခတ်နေ သည်ဟု ထုတ်ပြန်သည်။

ထို့ပြင် နောင်ချိုတပ်က လယ်ကြီးတောရွာဘက်သို့လည်းကောင်း၊ မိုင်းငေါ့ စစ်ကောင်စီတပ်က တော့ဆန်ရွာဘက်သို့လည်းကောင်း၊ လားရှိုးမြို့နယ် စစ်ကောင်စီတပ်မှ ဟိုနောင်ကျေးရွာဘက်သို့လည်းကောင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး မူဆယ်မြို့နယ် ဟိုပေါင်ကျေးရွာ၊ အထက်တုန်ခန်နှင့် အောက်တုန်ခန်ကျေးရွာဘက်သို့ တိုက်လေယာဉ်ဖြင့် လေးကြိမ်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းရိံက္ခာဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့ရာ မန်တတ်တပ်စခန်းတွင် တစ်ကြိမ်၊ မူဆယ်တပ်စခန်းတွင် တစ်ကြိမ်၊ နမ့်ဖတ်ကာတပ်စခန်းတွင် နှစ်ကြိမ် ပို့ဆောင်ခဲ့ပြီး နမ့်ခမ်း စခန်းသစ်ကုန်းဘက်တွင် ခဲယမ်းနှင့် ရိက္ခာများ(၁၂)ထုပ် ချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ကဒိုင်းဖူတောင် တပ်စခန်းအပါ စခန်း ၄ ခု သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာရှိ စစ်ကောင်စီ၏ ကဒိုင်းဖူးတောင်စခန်း၊ ပတ္တမြားစေတီ (ကောင်းမူဆိုင်စခန်း)၊ နမ့်ဆန်ရဲစခန်းနှင့် လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီ ကင်းစခန်းတို့ကို မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ကဒိုင်းဖူးတောင်စခန်းကို ယမန်နေ့တွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အပြီးသတ် ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပြီး 60/80 MM လက်နက်ကြီးအပါအဝင် လက်နက် ၁၉ လက်၊ ကျည်မျိုးစုံနှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယနေ့ နံနက် ၅ နာရီတွင် ပတ္တမြားစေတီ(ကောင်းမူဆိုင်စခန်း)၊ နမ့်ဆန်ရဲစခန်းနှင့် လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတို့ကို PSLF/TNLA က ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ တပ်စခန်းများမှာ တပ်မဟာ ၅ စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်ရှိ ကွတ်ခိုင်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ ၁၀၅ မိုင်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ မန်တုံမြိုနယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ (၁၃၀) တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူဆယ် ၁၀၅ မိုင်စခန်း တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီက Mi 35 က ရဟတ်ယာဉ်ဖြင့် ၁ ကြိမ် ပစ်ကူ ပေးခဲ့သလို နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကုန်းဘက်သို့လည်း Mi 35 ရဟတ်ယာဉ်ဖြင့် ၆ ကြိမ်တိုင်တိုင် လာရောက် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာပင် လောက်ကိုင်ဒေသအတွင်းရှိ စစ်ကောင်စီ တပ်စခန်းမှ ထွက်ပြေးကာ အရပ်သားပြည်သူများကို လိုက်လံတိုက်ခိုက်နေသော ရန်သူ့တပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များကို ကိုးကန့်တပ်မတော် (MNDAA) က ဆက်လက် ရှာဖွေတိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” ၄၅ ရက်အတွင်း ရန်သူ့တပ်ဖွဲ့ဝင်များအား ဆက်လက် ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး ယနေ့တွင် မိမိတို့ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသော ရန့်သူ့စခန်းများ၊ ဗျူဟာကုန်းများထဲမှ တဝက်တပျက်၊ တပိုင်းတစ ကျန်ရှိနေသေးသော ရန်သူ့စခန်းအချို့အား အပြီးသတ် သိမ်းပိုက်ရယူရေးအတွက် ချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း ဆိုသည်။

တဘက်တွင်လည်း အသာတကြည် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် လက်အောက်ခံတပ်ဖွဲ့ဝင်များအား မိမိတို့၏ စစ်သုံပန်းအပေါ်ထားရှိသော စံနှုန်းစံထားအရ အသက် ချမ်းသာပေးကာ လိုရာခရီးသို့ လုံခြုံစွာ ပို့ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *