ကုလားတန်မြစ်ဘေးမှ နှုံးဘူးဗျူဟာကုန်းကို AA သိမ်းပိုက်

စစ်ကောင်စီဗျူဟာမှူး ကျဆုံးဟု‌ဆို

ကုလားတန်မြစ်ကမ်းဘေးရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ နှုံးဘူးဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့ညတွင် ထုတ်ပြန်လိုက်သည်။

နှုံးဘူးဗျူဟာကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး ၂၇ ရက်ကြာ ယမန်နေ့ (ဒီဇင်ဘာ ၁၀) တွင် ဗျူဟာကုန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံခဲ့သော်လည်း မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့သည်ဟု ဆိုပြီး “နှုံးဘူး” ဗျူဟာမှူး အလောင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများနှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။

၎င်းတို့ဘက်တွင်လည်း “နှုံးဘူး ဗျူဟာကုန်း” စခန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ရမှုရှိခဲ့သည်ဟု AA က ဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ပင်ရှိသည့် တရွန်အိုင်ဗျူဟာစခန်းကုန်းကို AA က သိမ်းပိုက်နိုင်ခဲ့သည်။ လေယာဉ်ကွင်း ၂ ကွင်းပါရှိသည့် ထိုစခန်းကုန်းကို ထိုက်သင့်သော ပေးဆပ်မှုများဖြင့် ၂၁ ရက်ကြာ တိုက်ခိုက်ခဲ့ရသည်ဟု ဒီဇင်ဘာ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကုလားတန်မြစ်ကမ်းဘေးရှိ အဆိုပါ ဗျူဟာကုန်းနှစ်ခုသည် စစ်ရေးအရ အရေးပါသည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖြေကြားထားသည်။

အိန္ဒိယနိုင်ငံအရှေ့ဘက်ရှိ ကာလကတ္တားဆိပ်ကမ်းနှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းတို့ကို ပင်လယ်ရေကြောင်းဖြင့် ဆက်သွယ်ပေးမည့် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ယခုနှစ် ၂၀၂၃ ဒီဇင်ဘာတွင် အပြည့်အဝလည်ပတ်နိုင်မည်ဟု မြန်မာနှင့် အိန္ဒိယတို့ မျှော်လင့်ထားကြသည်။

ကုလားတန်မြစ်ကြောင်းမှတစ်ဆင့် စစ်တွေဆိပ်ကမ်းမှ ချင်းပြည်နယ် ပလက်ဝသို့ စက်လှေဖြင့် ချိတ်ဆက်ကာ ပလက်ဝမှ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ချိတ်ဆက်နိုင်မည်ဖြစ်သည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ “နှုံးဘူး” ဗျူဟာကုန်းစခန်းတွင် ထိတွေ့တိုက်ပွဲအနည်းငယ်သာရှိသည်” ဟု စစ်တပ်ပိုင် မြန်မာအလင်းသတင်းစာက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ ထိုဆွေးနွေးပွဲတွင် TNLA ၊ AA တို့ မပါဝင်ဟု ဆိုသည်။

စစ်ကောင်စီနှင့် MNDAA တို့သည် ဒီဇင်ဘာလကုန်အထိ ယာယီအပစ်ရပ်ရန်၊ လောက်ကိုင်မှ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာရန်နှင့် လောက်ကိုင်အပါအဝင် ကိုးကန့်ဒေသကို MNDAA တို့ကို ထိန်းချုပ်ခွင့်ပေးရန် သဘောတူခဲ့ကြသည်ဟု သိရသည်။
စစ်ကောင်စီနှင့် MNDAA နှစ်ဖက်စလုံးက ယနေ့ညပိုင်းအထိ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါ။

‘၁၀၂၇ စစ်ဆင်ရေး’ ကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကိုးကန့်တပ် (MNDAA), တအာင်းတပ် (TNLA) နှင့် ရက္ခိုင်တပ် (AA) တို့ ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ဦးဆောင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့ရာ လက်ရှိအချိန်အထိ စစ်စခန်းပေါင်း ၃၀၀ နီးပါးခန့်ကို သိမ်းပိုက်ထားသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး မောင်တောမြို့နယ်ရှိ ချိန်ခါလီ၊ ဒုံးပိုက်၊ ဒုံးညိုနှင့် ဘူးသီးတောင်မြို့နယ်ရှိ ခထီးလှ နယ်ခြားစောင့်စခန်းများ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ တရွန်အိုင်နှင့် ယခု နှုံးဘူးဗျူဟာကုန်းတို့အပြင် စစ်ကောင်စီတပ် စွန့်လွှတ်ခဲ့သော စခန်းအများအပြားကို သိမ်းပိုက်ထားသည်။

ရက္ခိုင့်တပ်တော် (AA) သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF), ကချင်လွတ်လပ်ရေးတပ်မတော် (KIA), မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF), တို့ အပါအဝင် ဒေသတွင်း မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *