တရုတ်ကြားဝင်မှုဖြင့် ညီ​နောင်သုံးဖွဲ့နှင့်စစ်​ကောင်စီ ​ဆွေး​နွေး

​လောက်ကိုင်မြို့မှ စစ်​ကောင်စီတပ်နှင့် ဝန်ထမ်းများဖယ်​ပေးရန် သ​ဘောတူထား​ကြောင်းစုံစမ်းသိရ

တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းညီ​နောင် မဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကယနေ့ သတင်းထုတ်ပြန်သည်။

သတင်းဌာနအချို့ကို စစ်​ကောင်စီကဒီဇင်ဘာလ ၁၁ရက်တွင် ၂ မိနစ်​ကျော်ကြာသည့် ​ဇော်မင်းထွန်း၏အသံဖိုင်​ပေးပို့၍ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှ တိုက်ပွဲများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ဆွေးနွေးခြင်းဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲကို ကိုးကန့်တပ်မတော်( MNDAA)၊ တအာင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်( TNLA) နှင့် ရက္ခိုင်တပ်တော်( AA )တို့နှင့်မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ဇော်မင်း‌ထွန်းကပြောသည်။

ဆွေးနွေးပွဲကို မည်သည့်နေ့၌ ပြုလုပ်သည်ကို ပြောပြမထားပေ။ သို့​သော် ​ဆွေး​နွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်တွင်တရုတ်နိုင်ငံကူမင်းမြို့တွင် ပြုလုပ်ခဲ့​ကြောင်း စုံစမ်းသိရသည်။

​တွေ့ဆုံ​ဆွေး​နွေး​ပွဲနှင့် ပတ်သပ်၍ ညီ​နောင်မဟာမိတ်သုံးဖွဲ့ထံ ဆက်သွယ်​မေးမြန်း​၍မရသေးပေ။

​ဆွေး​နွေးပွဲတွင် ​လောက်ကိုင်မြို့ရှိ စစ်​ကောင်စီတပ် နှင့် ဝန်ထမ်းများ ထွက်ခွား​ပေးရန် ၊ MNDAA နှင့် စစ်​ကောင်စီတပ်များ ဒီဇင်ဘာ ၁၁ ရက် ​နေ့ခင်း ၁၂ နာရီမှစ၍ အပစ်ရပ်ရန် စစ်​ကောင်စီနှင့် MNDAA တို့သ​ဘောတူခဲ့​ကြောင်း စုံစမ်းသိရသည်။

​လောက်ကိုင်မြို့သို့ MNDAA တပ်ဖွဲ့ဝင်များယ​နေ့ညတွင် စတင်ဝင်​ရောက်​နေပြီဖြစ်​ကြောင်းလည်း ကနဦးစုံစမ်းသိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း ၎င်း၏ လူမှုကွန်ရက်၌ ” တရုတ်ကြား၀င်ကာ ယနေ့ ကူမင်းမြို့မှာ စကစနဲ့ MNDAAတွေ့ဆုံ။ ကျန်နေတဲ့လောက်ကိုင်မြို့လယ်ရှိ စကစ စခနဲ့၀န်ထမ်းများ ထွက်ခွာရန် ယနေ့၁၂၀၀ချိန်မှ ဒီဇင်ဘာလကုန်ထိ နှစ်ဖက်အပစ်ရပ်မည်။ ” ဟု ရေးသားထားသည်ကို တွေ့ရသည်။

ပြည်သူများက ​ဆွေး​နွေးပြီး​နောက် ၁၀၂၇ စစ်ဆင်​ရေးရပ်လိုက်မည်ကို စိုးရိမ်း​နေကြသည်။၁၀၂၇ စစ်ဆင်​ရေးသည် ​အောက်တိုဘာ ၂၇ ရက်မှစတင်ခဲ့ပြီး မြို့​ပေါင်း ၅ မြို့ ၊စစ်စခန်း​ပေါင်း ၂၀၀ ​ကျော် ၊ မြန်မာ-တရုတ်နယ်စပ်ဂိတ် ၅ ဂိတ်နှင့် လက်နက်ခဲယမ်းများစွာကို ညီ​နောင်မဟာမိတ် ၃ ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့သည်။

ညီ​နောင်မဟာမိတ် ၃ ဖွဲ့၏ ဒီဇင်ဘာလ ၉ ရက်က ထုတ်ပြန်ချက်တွင် ၁၀၂၇ စစ်ဆင်ရေးကို သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက် များကို အထမြောက်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည် ဖော်နေကြောင်း၊စစ်ဆင်ရေးဒုတိယအဆင့်တွင် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီအား ရရာနည်းလမ်းဖြင့် ရောက်ရှိသည့်နေရာမှ တော်လှန်ပုန်ကန်ရန် အထူးအရေးကြီးပြီး တော်လှန်တိုက်ခိုက်ကြရန်လည်း တိုက်တွန်းထားသည်။

“တော်ရေးသမားတွေကမြို့တွေသိမ်းထားတယ်။စစ်စခန်းတွေသိမ်းထားတယ်။ဒီလိုအခွင့်အရေးမျိုးဘယ်တော့မှထပ်မရတော့ဘူး။ဘယ်သူပြောတာမှမယုံနဲ့လုပ်စရာရှိတာဆက်လုပ်။တရုတ်နိုင်ငံကမြန်မာနိုင်ငံဘယ်တုံးကမှကောင်းကျိုးမပေးဘူး”ဟု ပြည်သူတစ်ဦးက ဧရာဝတီ သတင်းဌာန၏
စစ်​ကောင်စီနှင့် ညီ​နောင်သုံးဖွဲ့​ဆွေး​နွေးမှုသတင်း​အောက်တွင်မှတ်ချက်ပြုထားသည်။

အခြားပြည်သူတစ်ဦးကလည်း သူ၏ အမြင်ကို”ပယ်ဆောက်ချိန်တို့အုပ်စုကို ဖမ်းဝရမ်းထုတ်ထားပြီး လောက်ကိုင်ကို ဝင်တိုက်ရလွယ်အောင် တဖက်က အားပေးထားတယ်။ မအလကို ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်ပြီး နိုင်ငံရေးကစားထားတယ်။ ညီနောင်မဟာမိတ်တွေကို ကလေးကလား စကားပြောလို့ရမယ်ထင်နေလား။ စစ်အာဏာရှင် အမြစ်မပြတ်ရင် အချိန်မရွေး ဒုက္ခပေးမယ်ဆိုတာကို အရင်အတွေ့အကြုံတွေအရ နားလည်ထားကြပြီးသား။ ခုချိန်မှာ အာဏာရူးတွေ စစ်ရှုံးနေလို့ အနားတောင်းနေတာပါ ။အချိန်တခုရလို့ ပြင်ဆင်ချိန်ရခဲ့ရင် သာလွန်အင်အားနဲ့ ပြန်တိုက်ခံရမှာကို တွက်ဆပြီးသားမို့ ဒီအချိန်မှာ လုံးဝစစ်ပွဲရပ်ပေးလို့ မရဘူး။ အခွင့်သာခိုက် တော်လှန်ရေးကို ရှေ့ဆက်သွားရမှာပဲ ။ခပ်မြန်မြန်လေးပေါ့”ဟု​ရေးသားမှတ်ချက်ပြုသည်။

MNDAA ​၏သတင်းထုတ်ပြန်ချက်​အောက်တွင်ပြည်သူတစ်ဦးကလည်း “စစ်ကောင်စီနဲ့ ဆွေးနွေးတယ်ဆိုရင်တောင် လိုချင်တဲ့ စစ်ရေးအောင်မြင်မှုရတဲ့အတွက် MNDAA အတွက် ဝမ်းသာပါတယ်။ ကိုယ်တွေတိုက်ရမယ့်အင်အားကို လျော့ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အမြဲမဟာမိတ်ဖြစ်နေဦးမယ်လို့ ယုံကြည်ပါတယ်”ဟု ​ရေးသားမှတ်ချက်ပြုသည်။

“ဒီမြောက်ပိုင်းသုံးဖွဲ့မတိုက်ခင်ကတည်းကတူမီးနဲ့တောင်တိုက်လာခဲ့ကြတာ။ သူတို့ပါတော့မြန်နိုင်ပေမဲ့ သူတို့မပါတော့လည်း ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ရမှာပေါ့။ နောက်ပြန်လှည့်စရာအကြောင်းမရှိ ။စ-စ်ကျွန်ခံမလား လွတ်မြောက်ချင်သလား ။လွတ်မြောက်ချင်ရင် အမြစ်လှန်ရမယ် နည်းနည်းကြာမယ်။ ကျွန်ခံမယ်ဆိုရင်အခုရပ်လို့ရတယ်”ဟု ပြည်သူတစ်ဦးကလည်း​ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *