ထိုင်း-မြန်မာနယ်စပ် ဝိုင်ဒဲကျေးရွာကို စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကျည်များ ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်

တနင်္သာရီတိုင်း ကော့သောင်းခရိုင်၊ လုံးဖောကြီးအုပ်စု၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝိုင်ဒဲကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ထိုင်းနိုင်ငံအတွင်းသို့ ကျည်များ ကျရောက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ် ခမရ(၅၈၁)၊ ခမရ(၄၃၂)ပူးပေါင်း စစ်ကြောင်းက (၄၀)မမ (၄)လုံးအပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကျည်တချို့ ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း Kaw Thoo Lei Army ထံမှ သိရသည်။

“မိမိတို့ကော်သူးလေစစ်ကြောင်း လှုပ်ရှားမှုရှိခဲ့ပြီး တစ်ရက်အလွန်မှ သူတို့ပစ်ခတ်တာပါ။ ထိုင်းဘက်ကို လက်နက်ငယ်ကျည်အချို့ ကျရောက်ခဲ့တာတော့အမှန်ပါ။ ရှေ့တန်းစစ်ဆင်ရေးဌာနကနေ အတည်ပြုပြီးပါပြီ။”ဟု Kaw Thoo Lei Armyမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Kaw Thoo Lei Army စစ်ကြောင်း၏ တပ်လှုပ်ရှားမှုသတင်း ပေါက်ကြားမှုကြောင့် စစ်ကောင်စီတပ်ဘက်က ယင်းသို့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝိုင်ဒဲနယ်မြေတွင် ပြီးခဲ့သည့် မတ်လက ကော်သူးလေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အများအပြားသေကာ ကော်သူးလေးတပ်ပေါင်းစုမှ ရဲဘော်(၉)ဦး ကျဆုံးခဲ့သည်။

လက်ရှိတွင် ဝိုင်ဒဲနယ်မြေအတွင်း စစ်ဆင်ရေးနယ်မြေအဖြစ် နှစ်ဖက်တပ်လှုပ်ရှားမှုများရှိနေကာ စစ်ရေးတင်းမာနေကြောင်း သိရသည်။

Leave a Comment