ပခုက္ကူတွင် မိုင်းရှင်းရန်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲပြီး ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ နွားထိုးကြီးတွင် စစ်ဆေးမှုမခံဘဲ ထွက်ပြေးသွားသည့် ဒုရဲအုပ် ၁ ဦးကို ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ – မြိုင်လမ်းပေါ်တွင် မိုင်းရှင်းရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီကား ၂ စီးကို မိုင်းဆွဲ၊ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူမြို့ တပ်မ ၁၀၁ မှ မိုင်းရှင်းရန် ထွက်လာ လာသော Jummer ကားတစ်စီးနှင့် စစ်ကားတစ်စီးကို ပခုက္ကူ -မြိုင်လမ်းမပေါ်၌ မိုင်းပွိုင့် ၄ ကြိမ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး ဝေဟင်မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“မိုင်းထိသေသွားတဲ့သူတွေ ဆွဲသွားတာကို ကင်းထောက်ဒရုန်းကနေ မြင်နေရတာ၊ ကားတွေက Jummer ကားတစ်စီး၊ စစ်ကားတစ်စီးနဲ့လာတာ၊ မိုင်း ၄ ကြိမ်ဆွဲတယ်၊ ဝေဟင်ကလည်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်” ဟု Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku People Defense Force – PPDF ၊ မြိုင်ပကဖ၊ Black Cobra Force Pakokku ၊ The Red Revolters ၊ Young Force Pakokku ၊ Thu Rain နှင့် ဓားမင်းကြီး အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင် မြင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး -မြို့သာလမ်းပိုင်း၌ စစ်ဆေးမှုမခံပဲ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ဒုရုဲအုပ်တစ်ဦးသေဆုံးသွားကြောင်း နွားထိုးကြီး PDF ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က နွားထိုးကြီး -မြို့သာလမ်းပိုင်းကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်‌- ၄ တပ်ရင်းမှ ရှောင်တခင် စစ်ဆေးရာ နွားထိုးကြီးမြို့ဘက်မှ ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို ရပ်တန့်ခိုင်းရာ စစ်ဆေးမှု မခံပဲ ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာသေဆုံးသွားကြောင်း သိရသည်။

စစ်ဆေးမခံပဲ ထွက်ပြေးသွားသူမှာ ဝက်လူးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းဝင်း ဖြစ်ပြီး ဆိုင် အတွင်းမှ စာရွက်စာတမ်းအချို့နှင့် ၎င်းကိုင်ဆောင်သည့် ဖုန်းကို သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုး ကြီး PDF က ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *