ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်နှင့်ရဲဘက်မှ ၃၀ ခန့်သေဆုံးပြီး စခန်းကို သိမ်းပိုက် မီးရှို့ရှင်းလင်း၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို KNLA ၊ PDF အပါအဝင် တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်နှင့်ရဲဘက်မှ ၃၀ ခန့်သေဆုံးပြီး ရဲစခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း တော်၀င်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် ဖြူးမြို့ ညောင်ပင်သာရဲစခန်းကို ရိုးမ စစ်ကြောင်း(၁) အာဠာဝက စစ်ကြောင်း၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BLPA နဲ့ KNLA ပူးပေါင်းစစ်‌ကြောင်းက တိုက်ခိုက်ရာ နံနက် ၅ နာရီတွင် စခန်းကိုအပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ရဲစခန်းတွင် ရန်သူ့အင်အား ၆၀ ခန့်ရှိသည့်အနက် ၃၀ ခန့်သေဆုံးခဲ့ကြောင်း၊ ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြကြောင်း၊ ရဲစခန်းကို သိမ်းပိုက်ရရှိပြီးနောက်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ညောင်ပင်သာ ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၆၀ မမ ဗုံးသီး ၂၇ ခု၊ G2 ၁လက်၊ G3 2 လက်၊ ပြောင်းချော ၄လက်၊ BA 94 ၂ ခု၊ MA-13 ၁လက်၊ Tear Gas Gun ၂ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထပ် ၄ ခု၊ လက်တော့ ၁လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး ၊ ကျည်ကာ ၂ခု၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ခုနှင့် ၉လုံးကျည် ၂၀၁ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် စစ်ကောင်စီတပ်က ယနေ့ နံနက် ၈ နာရီခွဲအချိန် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ အရှေ့ဘက်၊ သမင်ကွင်းရွာကို တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချသွားကြောင်း သိရှိရသည်။

ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ယနေ့ နံနက်အစောပိုင်း PDF၊ KNLA အပါအဝင် တော်လှန်ရေး တပ်များက တိုက်ခိုက်သိမ်းပိုက် ၊ စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်နေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ယနေ့ နံနက်အစောပိုင်း KNLA ၊ PDF များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး ကပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန် တော်လှန်ရေးတပ်ဖွဲ့များက ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းအကြားရှိ ညောင်ပင်သာ ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း၊ အဆိုပါစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ နံနက် ၇ နာရီကျော်အချိန်တွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဒီမနက်မှာ ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး က ပြောဆိုသည်။

လက်ရှိတွင် ညောင်ပင်သာ ရဲစခန်းအနီးရှိ ကျေးရွာများမှ ပြည်သူတချို့မှာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြပြီး စစ်ရဟတ်ယာဉ်များကလည်း တောက်လျှောက်ဆိုသလို ပျံဝဲ ပစ်ခတ်နေကြောင်း သိရှိရသည်။

“ရဟတ်ယာဉ် ၂ စီး ဝဲ​​နေပါတယ်။ ရဟတ်ယာဉ်ကလည်း ပစ်ခတ်သံ​တွေလည်း ကြား​နေရတယ်။ အခု တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးက ညောင်ပင်သာထဲကို ပတ်ပြီး ဝဲနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ညောပင်သာရဲစခန်း တိုက်ခိုက်သိမ်းပိုက်ရာတွင် KNLA ၊ PDF ၊ BPLA အပါ အဝင် တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်ကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်သည် ရန်ကုန်မြို့နှင့် ၁၄၂ မိုင်သာ အကွာအဝေးရှိပြီး ဖြူးမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက် သိမ်းပိုက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *