စစ်မှုထမ်းခိုင်းဖို့ထားဝယ်ထောင်ကခေါ်သွားတဲ့ စစ်ပြေး ၉ ဦး ထပ်ထွက်ပြေး၊ ပြန်အဖမ်းခံရ

စစ်မှုထမ်းခိုင်းဖို့ ထားဝယ်အကျဥ်းထောင်ကနေ ခေါ်သွားတဲ့ စစ်ပြေး ၉ ဦး တပ်ထဲရောက်ချိန် ထပ်မံထွက်ပြေးခဲ့ပေမယ့် ပြန်အဖမ်းခံလိုက်ရတယ်လို့ ထောင်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

စစ်‌ကောင်စီတပ်ဟာ အခုလ ၇ ရက်နေ့က ထားဝယ်ထောင်မှာ စစ်ပြေးအမှုနဲ့ထောင်ကျနေတဲ့ တပ်သားအဆင့်အကျဥ်းသား ၉ ဦးကို စစ်မှုပြန်ထမ်းရင်ပြစ်ဒဏ်ပယ်ဖျက်ပေးမယ်ဆိုပြီး ထောင်ကနေ လာထုတ်သွားခဲ့တာပါ။

အဲဒီနောက် ငါးရက်အကြာ အခုလ ၁၁ ရက်နေ့မှာ ထားဝယ်အကျဥ်းထောင်ရဲ့ ကွာရတင်းအဆောင်ကို ၉ ဦးစလုံး ပြန်လည်ရောက်က်ရှိနေတယ်လို့ ထောင်တွင်းအရင်းအမြစ်၊ ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဘယ်နေ့ကပြန်ရောက်လာလဲမသိဘူး။ သိရတာက ၁၁ ရက်နေ့မွန်းတည့်ဖြစ်ပြီ။ ဘာကြောင့်ပြန်လာပို့လဲလို့မေးကြတော့ ထပ်ပြီးစစ်ပြေးလို့ဆိုပြီး​ပြောခဲ့တာ” လို့ ထောင်တွင်းသတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ တပ်ကနေ ခွင့်မဲ့ပျက်ကွက်သူနဲ့ စစ်ပြေးတွေ စစ်မှုပြန်ထမ်းဖို့ ဆန္ဒပြုလာရင် လက်ခံသွားမယ်လို့ အခုလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပြီးနောက်မှာ ထားဝယ်အကျဥ်းထောင်အပြင် တခြားဒေသတွေမှာပါ စစ်ပြေးတွေကိုထောင်ကနေ ပြန်ထုတ်နေတာဖြစ်ပါတယ်။

ခွင့်မဲ့နဲ့ စစ်ပြေးတွေဘက်က တာဝန်ပြန်ထမ်းဆောင်ဖို့ တောင်းဆိုတာကြောင့် အခုလိုထုတ်ပြန်တယ်လို့ စစ်ကောင်စီက ဆိုပေမဲ့ ထားဝယ်အကျဥ်းထောင်နဲ့ နီးစပ်သူကတော့ ခေါ်ဆောင်သွားသူတွေထဲက တဝက်လောက်ဟာ အစကတည်းက စစ်မှုပြန်ထမ်းဖို့မလိုက်ချင်တဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

” လာခေါ်တဲ့နေ့ကဆို ထောင်ဘူးဝကထွက်တော့ စစ်ကားကအဆင်သင့်စောင့်နေတာ။ သူတို့ကအဲလောက်ထိထင်ထားပုံမရဘူး။ အဲမှာမလိုက်ချင်ဘူးလို့ပြောပြီး တချို့ငိုကြယိုကြတယ်။ ဟိုကလည်း လက်မှတ်ထိုးထားပြီးပြီ မရဘူးဆိုပြီး အတင်းခေါ်သွားတာ” လို့ ထောင်တွင်းသတင်းအရင်းအမြစ်ကဆိုပါတယ်။

သူတို့ကို ဘယ်တပ်ရင်းကိုခေါ်သွားတယ်ဆိုတာနဲ့ ဘယ်နေရာမှာ ထွက်ပြေးပြီးပြန်လည်ဖမ်းမိလာတယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။ အလားတူ ဘယ်ပုဒ်မ​တပ်ပြီး ပြန်လည်ပို့ဆောင်ခဲ့တယ်ဆိုတာကိုလည်း စုံစမ်းနေဆဲဖြစ်တယ်။

ထားဝယ်အကျဥ်းထောင်မှာ စစ်ပြေး၊ ရဲပြေးနဲ့ အမိန့်မနာခံလို့ထောင်ချခံထားရသူ ၃၀ ဝန်းကျင်ရှိပြီး အဲဒီထဲမှာ စစ်ကောင်စီရဲ့ ဗိုလ်ကြီးအဆင့်ရှိသူတွေလည်းပါဝင်တယ်လို့ အကျဥ်းသားဟောင်းတွေရဲ့ပြောပြချက်အရ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *