တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်ပြီဖြစ်သော မော်လူးမြို့မှ စစ်ကောင်စီဝန်ထမ်းများ လက်နက်ချ အလင်းဝင်ကြရန် နှိုးဆော်၊ နယ်မြေရှင်းလင်းစဉ် လက်နက်ငယ်များ ထပ်တွေ့ရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားပြီဖြစ်၍ စစ်ကောင်စီဝန်ထမ်းများအနေဖြင့် လက်နက် ချကြရန်နှင့် အလင်းဝင်ကြရန် မြောက်ပိုင်း ABSDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် တိုက်ခိုက်သိမ်းပိုက်ရရှိသော မော်လူးမြို့ကို ယနေ့ နံနက်ပိုင်း နယ်မြေ ရှင်းလင်းရာ လက်နက်ငယ် ၃ လက် ဆက်လက် သိမ်းဆည်းရရှိကြောင်း၊ စစ်ကောင်စီဝန်ထမ်းများအနေဖြင့် လူထု၏ မျက်နှာကို ထောက်ရှုပြီး လက်နက်ချကြရန်နှင့် အလင်းဝင်းကြရန် ABSDF က တိုက်တွန်းသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ က အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော သတင်းများရရှိထားပြီး တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားသော မော်လူးမြို့ကို ကာကွယ်ရန် အသင့်ပြင်ဆင်ထားကြောင်း၊ ပြည်သူအများအပြား စစ်ဘေးရှောင်နေကြကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း မော်လူးမြို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်

နိုင်ငံအလယ်ပိုင်းတွင် လေးခုမြောက်ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာ

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်ရှိ မော်လူးမြို့ကို တော်လှန်ရေးတပ်ပေါင်းစုက ယနေ့ (ဒီဇင်ဘာ ၁၃) နံနက်တွင် တိုက်ခိုက်သိမ်းယူလိုက်သည်။

စစ်သားနှင့် ရဲ အင်အား ၃၀ ဝန်းကျင် တပ်စွဲထားသည့် မော်လူးရဲစခန်းကို အချိန်လေးနာရီခန့်ကြာ တိုက်ခိုက်ပြီးနောက် မြို့ကိုထိန်းချုပ်လိုက်ပြီဟု ပါဝင်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးအဖွဲ့နှစ်ခုက အတည်ပြုသည်။

ယနေ့ မိုးမလင်းမီ ၂ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ပေါင်းစုက ရဲစခန်းကို သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်လိုက်နိုင်ကြောင်း၊ စစ်ကောင်စီက အဝေးမှ အမြောက်ဖြင့် ပစ်ခတ်ကြောင်း၊ တိုက်လေယာဉ်ဖြင့် ယနေ့ နံနက် ၇ နာရီတွင် ဗုံးနှစ်လုံးကြဲချရာ မော်လူးဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တာဝန်ရှိသူက စစ်သားနှင့် ရဲ ၆ ဦး သေဆုံးပြီး ၆ ဦးကို ဖမ်းဆီးရမိကြောင်း၊ ကျန်သူများကို ရှာဖွေနေဆဲဖြစ်ကြောင်း ပြောသည်။

“လက်နက်ခဲယမ်းတွေမိတာလည်း များတယ်၊ နယ်မြေရှင်းလင်းရေးလုပ်ပြီး စိစစ်နေတုန်းပဲ”။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းတိုင်းတာဝန်ရှိသူတစ်ဦးကလည်း မော်လူးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ချရန် တစ်လကျော် ကြိုတင်အကြောင်းကြားချက်ကို မလိုက်နာ၍ တိုက်ခိုက်ရသည်ဟု ဆိုသည်။

“လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက အလင်းဝင်ဖို့ ကြေညာတဲ့အတွက် စစ်တပ်နှင့် ရဲမပါဘဲ Non CDM (အစိုးရဝန်ထမ်းဆက်လုပ်နေသူ) တွေ အတော်တော်များများ တစ်ရာကျော် အလင်းဝင်တယ်။ ရဲနှင့် စစ်သားက အလင်းမဝင်တဲ့အတွက် တိုက်ခိုက်ရတဲ့ အခြေအနေပဲ”။

စစ်ကောင်စီက အဝေးပစ်အမြောက်များဖြင့် ပစ်ခတ်ကြောင်း၊ တိုက်လေယာဉ်ဖြင့် ယနေ့ နံနက် ၇ နာရီတွင် ဗုံး ၂ လုံး ကြဲချခဲ့ရာ မော်လူးဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်နှစ်ဦးထံမှ သိရသည်။

တော်လှန်ရေးတပ်ပေါင်းစုဝင်များ၊ ဒေသခံများ ထိခိုက်မှု၊ မြို့ပျက်စီးဆုံးရှုံးမှုနှင့် အသေးစိတ်အခြေအနေများကို သီးခြားအတည်မပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း ယနေ့ နံနက်ပိုင်းအထိ နှုတ်ဆိတ်နေဆဲဖြစ်သည်။

တိုက်ပွဲဖြစ်သည့် နံနက်မှ အနီးအနားကျေးရွာတစ်ခုသို့ သွားရောက် စစ်ရှောင်နေရသည့် မော်လူးမြို့ခံအမျိုးသားတစ်ဦး၏ အဆိုအရ ဒေသခံများမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်၍ နေရပ်မပြန်ရဲ ဖြစ်နေကြသည်။

“ ည ၂ နာရီလောက်ကတည်းက (ပစ်ခတ်သံတွေစပြီး) ကြားရတာပဲ။ အိမ်ထဲကနေ အိမ်ပြင်လည်း မထွက်ရဲဘူး။ .. မနက်မိုးလင်းတာနဲ့ ထွက်ပြေးလာရတာပဲ …ခုလည်း မပြန်ရဲသေးဘူး”။

တောင်ကုန်းတောင်တန်းပေါများရာ ကချင်ပြည်နယ်စပ်မှ မြေပြန့်လွင်ပြင်ပေါ်ရှိ မော်လူးမြို့သည် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင်ရှိသည့် တိုက်နယ်အဆင့်မြို့ဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မော်လူးမြို့တွင် လူဦးရေ ၉၀၀၀ နီးပါး နေထိုင်ကြောင်း သိရသည်။ မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံ အားလုံးနီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေကြကြောင်း အထက်ပါသတင်းရင်းမြစ်များထံမှ သိရသည်။

မော်လူးမြို့သိမ်းတိုက်ပွဲကို စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်း အခြေစိုက်သည့် ဝါရင့်တော်လှန်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ABSDF၊ NUG ၏ ကချင်နှင့် စစ်ကိုင်းအခြေစိုက် PDF အဖွဲ့များ၊ ဒေသခံတော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ကြောင်း စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှ စတင်သည့် “၁၀၂၇” အမည်ရ စစ်ဆင်ရေး နှစ်လနီးပါးအတွင်း တရုတ်နယ်စပ် ရှမ်းပြည်နယ်၊ အိန္ဒိယနယ်စပ် ချင်းပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မြို့ ၈ မြို့နှင့် စစ်စခန်းများစွာကို စစ်ကောင်စီက လက်လွတ်ဆုံးရှုံးထားရသည်။

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင်လည်း ခရိုင်အဆင့်မြို့ ကောလင်း၊ ယနေ့ ထိန်းချုပ်လိုက်သည့် မော်လူးမြို့အပါအဝင် မြို့ပေါင်း ၄ မြို့ကို တော်လှန်ရေးတပ်ပေါင်းစုက တစ်လဝန်းကျင်အတွင်း သိမ်းပိုက်ရရှိထားသည်။

စစ်ကောင်စီက အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံအားကိုးဖြင့် “၁၀၂၇” စစ်ဆင်ရေး စတင်သည့် ကိုးကန့် (MNDAA)၊ တအာင်း (TNLA)၊ ရခိုင် (AA) လူမျိုးစုကိုယ်စားပြု တော်လှန်ရေးတပ်ဖွဲ့များနှင့် စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းနေသည်။

ဒီဇင်ဘာ ၁၁ ရက်တွင် တရုတ်အကူအညီဖြင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခဲ့သည်ဟု စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုထားသော်လည်း မြောက်ပိုင်းမဟာမိတ်အဖြစ် စုဖွဲ့ထားသည့် MNDAA၊ TNLA၊ AA တို့က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု တုံ့ပြန်ထားကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *