မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက ဒေသခံနဲ့ ခရီးသွားပြည်သူ (၁၀၀)ကို ဖမ်းဆီးပေါ်တာဆွဲ

ဖမ်းထားသူတွေကို စစ်ယူနီဖောင်း ဝတ်ခိုင်းပြီး ပျူစခန်း ရိက္ခာပို့ရာမှာ လူသားဒိုင်းအဖြစ် အသုံးပြု

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ကျေးရွာတွေက ဒေသခံ ပြည်သူတွေနဲ့ မုံရွာ – မန္တလေးမှာ သွားလာတဲ့ ခရီးသွားပြည်သူ၊ စုစုပေါင်း လူ(၁၀၀)ခန့်ကို စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်ယူနီဖောင်း ဝတ်ခိုင်းကာ ပျူစခန်းအတွက် ရိက္ခာပို့ချိန် ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်အုပ်စုဟာ ဒီဇင်ဘာ (၁၁) ရက်က စတင်ပြီး ချောင်းဦးမြို့ပေါ်နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေကို ဖမ်းဆီးခဲ့သလို မုံရွာ – မန္တလေး လမ်းမပေါ်မှာ သွားလာနေတဲ့ ကုန်ကားနဲ့ ခရီးသည်တင် ကားတွေက ခရီးသွားတွေကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၁၄)ရက်မှာတော့ ချောင်းဦးမြို့ရဲ့ အနောက်ဖက် လေးမိုင်ခန့်အကွာမှာ ရှိတဲ့ ကင်မွန်းတော် ပျူရွာကို စစ်အုပ်စုက ရိက္ခာပို့ဆောင်ချိန် အထက်ပါ ဖမ်းဆီးထားတဲ့ ဒေသခံပြည်သူနဲ့ ခရီးသွားတွေကို စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးချတာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမျိုးသမီးတွေ အပါအဝင် ဖမ်းဆီးခံ ပြည်သူတွေကို စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်းပြီး ချောင်းဦးမြို့ပေါ်ကနေ ထွက်ခွာသွားတာ တွေ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ဆိုပါတယ်။

“ဒီဇင်ဘာ(၁၁) ရက်ကနေ (၁၃)ရက်အထိ ချောင်းဦးမြို့ အနီးတဝိုက်က ဒေသခံတွေကို လူသားဒိုင်း အဖြစ် ကြိုတင် စုဆောင်းပြီး ဒီနေ့(၁၄)ရက်နေ့ မနက်ပိုင်းမှာတော့ သူတို့ လူသားဒိုင်းအဖြစ် စုဆောင်းထားတဲ့ လူဦးရေ(၁၀၀) ဝန်းကျင်ကို စစ်ယူနီဖောင်း ဝတ်ခိုင်းပြီး ချောင်းဦး အနောက်ဖက်မှာရှိတဲ့ ကင်မွန်းတော် ပျူရွာကို ရိက္ခာပို့တာပေါ့။ လူသားဒိုင်း ဖမ်းဆီးခေါ်ဆောင်သွားတဲ့ထဲမှာ အမျိုးသမီးတွေလည်း ပါတယ်။ အမျိုးသမီးရော အမျိုးသားတွေရောပေါ့”လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီ စစ်အုပ်စုနဲ့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ပြည်သူတွေဟာ ကင်မွန်းတော် ပျူရွာအနီး ရောက်ရှိနေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စု ရန်ကြောင့် ကင်မွန်းတော် ပျူရွာ အနီးဝန်းကျင်မှာရှိတဲ့ မယ်သဲကြိုး၊ ထူးနီ၊ ညောင်ပင်တဲ၊ ပေါက်ပင်၊ ရှမ်းထူး၊ တောင်ဖီလာ၊ ကုလားကြီးရွာ အစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

“ချောင်းဦးမြို့ အနောက်မှ (စခ)များ ရှမ်းထူး(ပျူရွာအနီး)ကို ရောက်ရှိနေပြီး လူသားဒိုင်းလုပ်ရန် ကြိုတင် ဖမ်းဆီးထားသော ဓားစာခံ ပြည်သူများကို ခွေးဝတ်စုံ ဝတ်ခိုင်းထားကြောင်း သိရှိရပါတယ်။ ချောင်းဦးမြို့ပေါ်မှ နေ၍ ကင်ပွန်းတော် ပျုရွာသို့ ရိက္ခာသွားပို့ရန် ချောင်းဦးမြို့ အနောက်ဖက်သို့ ထွက်ကာ ပြင်ဆင်နေသည်မှာ လေးရက် ကြာမြင့်ခဲ့ပြီး ကင်ပွန်းတော်ရွာသည် ချောင်းဦး-အမြင့် လမ်းခွဲပေါ်တွင် တည်ရှိပြီး ချောင်းဦးမှ ကားဖြင့် လာပါက မိနစ်(၂၀)ခန့်သာ ကြာမြင့်မည် ဖြစ်သည်”လို့ မုံရွာ – အမြင့်လမ်း သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်အုပ်စု ရန်ကြောင့် အများပြည်သူ အနေနဲ့ မုံရွာ – အမြင့်လမ်း (မုံရွာဘက်ခြမ်း)ကို ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့လည်း မုံရွာ – အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက အရေးပေါ် သတိပေးချက် ထုတ်ပြန် ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *