ကနီမြို့နယ်က ကျောင်းသားစုံညီပွဲတော် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ကုန်းသာရွာတွင် အခြေခံပညာကျောင်းသား စုံညီပွဲတော် ပြုလုပ်နေသော နေရာအား အာဏာသိမ်း စစ်ကောင်စီက ရဟတ်ယာဉ် အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စုံညီပွဲတော်အား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံကျောင်းမှ ပြုလုပ်နေခြင်း ဖြစ်ပြီး ယနေ့ မနက် ၁၀ နာရီဝန်းကျင်တွင် လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုတွင် ကျောင်းသားပြည်သူများ အချိန်မီတိမ်းရှောင်နိုင်၍ လွတ်မြောက်ခဲ့သော်လည်း အဆောက်အဦများ ပျက်စီးကာ တိရစ္ဆာန် အချို့ သေဆုံးခဲ့ရသည်။

ဒေသခံ ရွာသား တဦးက “ကနဦးကရိုရိုးဖြတ်ပျံတာလိုထင်နေတာ။ နောက်ပိုင်း လေယာဉ်‌ပေါ်က ပစ်ခတ်တာတွေ ဗုံးကြဲတာတွေလုပ်တယ်။ ရွာကိုပတ်ပစ်တာတော့ အကြိမ်အရေအတွက်ကို မရေတွက်နိုင်ဘူး။ ပစ်ခတ်လို့ရွာတောင်ပိုင်းက အိမ်အတော်များများခေါင်မိုးတွေ ပေါက်ကွဲထွက်တယ်။ ရွာဘုံခန်းမအဆောင်တခုလည်း ပျက်စီးတယ်။ နောက်ပြီး ခိုင်းနွားတကာင်‌သေပြီး နွားမတကောင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်။ လူအသေအပျောက်ကတော့မရှိခဲ့ဘူး။ သူတို့အခုလို ဘာကြောင့်လာပစ်တာလဲဆိုတော့ ရွာက NUG စာသင်ကျာင်းမှာ‌တော့ စုံညီပွဲတော်လုပ် နေတာပဲရှိတယ်။ ကျန်တာကတော့ဘာမှမရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် ယင်းသို့ ပစ်ခတ်အပြီးတွင် မင်းကင်းမြို့နယ် ဇင်ကလဲ ကျေးရွာဘက်သို့ သွားရောက် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။ ထို့နောက် ကုန်းသာကျေးရွာကို နောက်တကြိမ် ဝင်ရောက်ပစ်ခတ်ခဲ့သေးသည်။

ဓာတ်ပုံ – ဒေသခံပေးပို့


Comments

Leave a Reply

Your email address will not be published. Required fields are marked *